ရွှေမန်းမြေမှ သူငယ်ချင်း
ကျွန်ုပ်သည်လည်း ငယ်စဉ်ဘဝကို ပြန်တမ်းတရင်း အသက် ဆယ်နှစ်မျှ ငယ်သွားသည်ဟု ထင်ရ၏။ အဘယ်ကြောင့်ဆို သော် ကျွန်ုပ်၏ ဘဝများကို စခဲ့ရသော မန်းရွှေမြို့တော်သို့ ခြေချမိသော ကြောင့်ဖြစ်၏။ ချစ်သော မန္တလေးနှင့် ကျွန်ုပ် ကွဲကွာခဲ့သည်မှာ ဆယ်စုနှစ်နီပါး ရှိပီဖြစ်သောကြောင့်လည်း အပြောင်းအလဲ များစွာဖြင့် ကျွန်ုပ်အား ကြိုဆိုခဲ့လေပြီ။
ငယ်က သူငယ်ချင်း အကိုကြီး တစ်ဦးထံသို့ သွားရာတွင် သူက ပြောင်လည်းသွားပုံးများ တိုးတက်လာပုံများအား ပြောပြလေ၏။ ထို့နောက် သူငယ်ချင်း တစ်ဦးမှာ နေမကောင်းဟု ဆိုသဖြင့် သွားရောက်ကြရာ ထို သူငယ်ချင်း၏ အိမ်နေရာသည် ယခုအခါ သုံးထပ် တိုက်ကြီး ဖြစ်ပြီး မီးများ လင်းထိန်နေလေ၏။ ဘူးသီး ငပေါင်းကြော်စာများ အနီရောင် မီပုံးကြီးများ တန်ဖိုးကြီး ကြွေထည် အိုးများတွင် ဝါးပင် လှလှလေးများ ရှိပြီး တန်ဖိုးကြီး မာစီတီးကား အနက်ရောင်အား ဆင်ဝင်အောက်တွင် အခန့်သား တွေ့ရလေ၏။
ကျွန်ုပ်လည်း သူငယ်ချင်း၏ အမည်ကို မေးရလေ၏။ မြန်မာစာကား နားလည်ပုံ မပေါ်သော အသားဖြူဖြူ ကောင်မလေးက ပြုံးပြသဖြင့် ကျွန်ုပ်လည်း ပြုံးပြရ၏။ ထိုနောက် မာစီတီကားပေါ်သို့ အလွန်တိုသော စကပ်ဖြင့် ထိုမိန်ကလေး တက်၍ မောင်းမည်အပြု ကျွန်ုပ်တို့ နားမလည် သောစာကားဖြင့် လှမ်းပြောရာ အိမ်ဖော် ကောင်မလေး ရောက်လာပြီး ယာဉ်မောင်းလိုင်စင် နိုင်ငံသား မှတ်ပုံတင် အနီ တို့အားပေးလေ၏။ ထိုနောက် အိမ်အကူ မိန်းကလေးမှ ကျွန်ုပ်တို့အား မြန်မာလို ပြောရာတွင် ကျွန်ုပ်တို့ ရှာဖွေ နေသောသူမှာ အိမ်ရောင်းသွားပြီ ဖြစ်နိုင်ကြောင်း သူတို့ မသိတော့ကြောင်း မြန်မာလူမျိုးများ မြို့သစ် ဆင်ခြေပုံးတွင် အများဆုံး နေထိုင်ကြောင်း ပြောပြလေသဖြင့် ကျွန်ုပ်တို့လည်း အားမလျော့ဘဲ ပတ်ဝန်းကျင်ကို စုံစမ်းရာ မြို့သစ်သို့ ပြောင်းသွားကြောင်း သိရသဖြင့် လိပ်စာတောင်းပြီး ထွက်လာရလေသည်။
လမ်းသည် တစ်စတစ ကြမ်းလာပြီး လမ်းမီးများလည်း မရှိတော့ပေ။ မိုးရွာထားသဖြင့် ဗွက်များနှင့်အတူ အညစ်အကြေး မျိုးစုံတို့၏ အနံအသက်များလည်း ပျံနှံနေလေ၏။ ဖယောင်းတိုင်မီးများ လင်းချီ မှောင်ချီ ထွန်းထားသော ၁၀ ပေပတ်လည် အိမ်များက ရာချီ ပြွတ်သိပ့်နေလေ၏။ အလုပ်မှ ပြန်လာသူများ စက်ဘီးတွန်းသံများ ယခု အချိန်မှ စတင်ချက်ပြုတ်သူများ ရန်ဖြစ်သံ ကလေးငိုသံ ခွေးဟောင်သံများကြားတွင် တွန်တေးသိန်းတန် သီချင်းများကလည်း ပါသေး၏။
ကျွန်ုပ်လည်း သူငယ်ချင်း၏ အမည်အားမေးရ၏။ ထို့သို့ မေးလိုက်ရာတွင် အရက်ပုံးဆိုင်ကလေး၏ အနောက်ဘက် တစ်အိမ်ကျော်ဖြစ်ကြောင်း သိရလျင် ဆက်လက် ထွက်လာခဲ့၏။ လူတစ်ဦးသာ ဝင်နိုင်သော လမ်းကြားလေးတွင် ရေဆိုးများက ခြေသလုံး မြုတ်ခန့်ရှိသဖြင့် ပုဆိုးကိုမပြီး ဝင်လိုက်လျင် ချောင်ဟန့်သံကို ကြားရလေ၏။ သူငယ်ချင်၏ အမည်ကို လှမ်ခေါ်လိုက်ရာ အနားစိမ်းများဖြင့် ပြည့်နေသော ၈နှစ် အရွယ် ကလေး တစ်ဦးပေါ် ထွက်လာပြီး သူ၏ အဖေမှာ အိမ်ပေါ်တက်ရန် ပြောကြောင်း ပြောသဖြင့် ကျွန်ုပ်တို့လည်း အိမ်ပေါ်သို့ တက်ခဲ့ရလေ၏။
ကျိုးကျမည် စိုးသဖြင့် ဖြည်းညင်းစွာထိုင်လိုက်ရာ ဖယောက် တိုင်မီးမှုံဝါးဝါးတွင် သင်ဖြူးဖျာဟောင်း တစ်ချပ်ပေါ်၌ စောင် ခပ်စုပ်စုပ်ကို ခြုံလျက် အရိုးပေါ်အရေတင်သည့် သူငယ်ချင်အား ငယ်ရုပ်ကို မနဲ ပြန်ဖမ်း ကြည့်ရလေ၏။ သူငယ်ချင်း၏ ရောဂါအခြေ အနေအား မေးမြန်းရင်း ကျွန်ုပ်လည်း စိတ်မကောင်းခြင်း ကြီးစွာဖြစ်ရလေ၏။
ထိုအချိန်တွင် အိမ်ပေါ်သို့ မိန်းမတစ်ဦးသည် လင်ပန်းတစ်ချပ်ကိုကိုင်၍ တက်လာလေ၏။ လင်းပန်းတွင် ဆန်ကြမ်း နိုဆီ ၂ဘူးခန့် တစ်ထုတ် ကြက်ဥ ၃ လုံး ငပိစိမ်း တစ်ထုတ်အား တွေ့ရလေ၏။ သူငယ်ချင်းက သူ့ အမျိုးသမီး ဖြစ်ကြောင်း ယခု အကြော် ရောင်းပီး ပြန်လာတာဖြစ်ပြီး ဈေးဝယ်နေတာကြောင့် နောက်ကျနေတာဖြစ်ကြောင်း ယခု ချက်ပြုတ်တော့မည့် အကြောင်း ပြောပြ မိတ်ဆက်ပေးလေရာ ကျွန်ုပ်လည်း နုတ်ဆက်ရလေ၏။
ကျွန်ုပ်၏ အတွေးတွင် တစ်ချိန်က ကုသိုလ်တော်ဘုရားတွင် သူတို့ ချစ်သူ နှစ်ဦး ချိန်းတွေ့ခဲ့ကြပုံကို ပြန်တွေးနေမိရင်း ကျွန်ုပ်၏ နာရီကို ကြည့်ရာ ည ၉းဝဝ နာရီ ရှိသဖြင့် ကားဖြင့် တိုက်မိ့ရာမှ ကိုယ်တစ်ခြမ်း သေနေသော သူငယ်ချင်း အတွက် တတ်နိုင်သမျှ ငွေစလေး အနည်းငယ်အား ဆေးကုသရန် ပေးရာ မျက်ရည်များ ကျလာသော သူငယ်ချင်းအား ဆက်ကြည့်ရန် အားမရှိတော့သဖြင့် အိမ်ပေါ်မှ ဆင်းခဲ့ ရလေသည် ။
မန္တလေးမှ အဆိုတော် လင်းလင်း၏ သီချင်းအား တိုးညင်းစွာရေရွတ်ရင်း ထိုညက ကျွန်ုပ်အိပ်မပျော်ခဲ့သည်ကို သူငယ်ချင်းသိမည် မထင်တော့ပေ. . . .
- မန္တလေးမှ သူငယ်ချင်းအတွက်. . .
credit to
Lazy Cat (ရိုးရာလေး)

မန္တလေးမှ အဆိုတော် လင်းလင်း၏ သီချင်းအား တိုးညင်းစွာရေရွတ်ရင်း ထိုညက ကျွန်ုပ်အိပ်မပျော်ခဲ့သည်ကိ
- မန္တလေးမှ သူငယ်ချင်းအတွက်. . .
credit to
Lazy Cat (ရိုးရာလေး)