head ad

Tuesday, August 18, 2015

ပြင်ဦးလွင် မှ သရဲ

ကျမလက်ထပ်ပြီ်းချက်ချင်း အမျိုးသားရှိရာကို လိုက်မနေနိုင်သေးသောကြောင့်
ဝန်ထမ်းလိုင်းခန်းမလျှောက်ဖြစ်သေးပေ။ လက်ဖွဲ့ပစ္စည်းတော်တော်များများကို
ပြန်လှူခဲ့ပေမဲ့ ရင်းနှီးတဲ့သူတွေပေးတဲ့ လက်ဖွဲ့တွေနဲ့ ကျမကြိုက်တာလေးတွေတော့
သိမ်းထားခဲ့တယ်။ အလုပ်အားတဲ့ ရုံးပိတ်ရက်ရောက်တော့ အဲဒီသိမ်းထားတဲ့
လက်ဖွဲ့တွေကို အမျိုးသားရှိတဲ့ ဆီကိုသွားပို့ပေးပါ တယ်။ 
အမျိုးသားတာဝန်ကျတဲ့မြို့က ပန်းမြို့တော်လို့ လူသိများတဲ့ ပြင်ဦလွင်ပါ။
လိုင်းခန်းမလျှောက်ရသေးတော့အမျိုးသာ်း အလုပ်နဲ့နီးတဲ့ ဟိုတယ်မှာတည်းပါတယ်။
နာမည်အတိအကျတော့ မရေးတော့ပါဘူး။ ရောက်ဖူးသူများ ကျမရေးတာကို ဖတ်ရင်းနဲ့သိကြမှာပါ။ ပထမဆုံးလာတဲ့ အခါလဲဖြစ် လက်ဖွဲ့တချို့က နေရာလဲယူတာတွေပါသလို 
တန်ဖိုးသင့်တာလေးတွေ လဲပါတော့ ကျမတို့လဲ အခန်းကျယ်တခုယူလိုက်တယ်။ 
အဆောက်အအုံကြီးတခုလုံးမှာ လေးခန်းပဲရှိတဲ့ အဆောက်အဦးပါ။ 
အခန်းထဲဝင်ဝင်ခြင်း ဧည့်ခန်း သူ့နောက်မှာ အိပ်ခန်း အဲနောက်မှာမှ ရေချိုးခန်း အိမ်သာ တွဲရက်ပါ။ ကျမဟိုတယ်ရောက်တော့ မနက်၉နာရီဆိုတော့ အမျိုးသားက အလုပ်မပြတ်သေးတာနဲ့ မလာနိုင်သေးဘူး။ ကျမကရောက်ရောက်ချင်း ပစ္စည်း တွေချပီး ရေချိုးဖို့ ရေနွေးဘွိုင်လာဖွင့်ထားလိုက်တယ်။ ကုတင်ဘေးက စားပွဲခုံအပေါ် နံရံပေါ်မှာ သော့ချိတ်ဖို့ စတီးအကောက်ကလေးမှာ ကျမသော့တွေချိတ်ထားလိုက်တယ်။ အားလုံးပြီးရေနွေးလဲရပီဆိုတော့ ရေချိုးပြီး အမျိုးသားကို စောင့်ရင်းခဏအိပ်ပျော်သွားတယ်။မအိပ်ခင် ဘွိုင်လာကို ပိတ်လိုက်တယ်။ 
အိပ်ပျော်နေရင်း ကုတင် ခြေရင်းက ဗီရိုရှေ့မှာ မိန်းမတယောက်ခေါက်တုန့်ခေါက်ပြန် လမ်းလျှောက်နေတာ အိမ်မက်မက်နေသလိုပဲ တွေ့နေရပါ တယ်။
ကျမရှိနေမှန်းမသိသလို ပါးစပ် ကပွစိပွစိပြောရင်း လမ်းလျှောက် နေပုံပါ။
ကျမလဲကြောင်ပီး ကြည့်နေမိတယ်။ ရုတ်တရက် ဗြုန်းဆို ကျမပုခုံးကို ပုတ်လိုက်တာကြောင့် လန့်နိုးသွားတယ်။ မျက်လုံး ဖွင့်ကြည့်တော့ အမျိုးသားရောက်လာပိီး ကျမကို နှိုးတာလေ။
တံခါးကိုသော့ခတ်မထားဘူးလား ဆိုပီး ကျမကို စိတ်ဆိုးနေတယ်။
ဘွိုင်လာကလဲ ပွင့်လို့ဆိုပီးပြောတယ်။
ကျမလဲ ဇဝေဇ၀ါ ဖြစ်သွားတာပေါ့။ ဘယ်သူက ဟိုတယ်မှာ သော့မခတ်ပဲ အိပ်မှာလဲရှင်။
ဘွိုင်လာကလဲ ကျမကိုယ်တိုင်ပိတ်ခဲတ့ာပါ မှတ်မိတာပေါ့။
အမျိုးသားကလဲ သူတံခါးဘဲလ်ကို နှိပ်မလို့လက်လှမ်းတုန်း ရှိသေးတယ် တံခါးကပွင့်သွားတာတဲ့။
အသေအချာကို ပြောတာ။ ကျမလဲ ဆက်မငြင်းချင်တော့တာနဲ့ 
ဟုတ်မှာပါ မေ ပဲမေ့သွားတာနေမှာ ဆိုပီး စကားနဲရန်စဲ လုပ်လိုက်တယ်။ 
အဲဒီချိန်မှာရုတ်တရက် တံခါးဘဲလ်သံကြားလို့ သွားဖွင့်တော့
ဟိုတယ်က ဝန်ထမ်းလေးတယောက်ပဲ။ လက်ထဲမှာလဲ ဗန်းကိုင်လို့။ မနက်စာလာပို့်ပေးတာပါ။ ကျမလဲ စောစောကလာပို့ပါလား ညီမရယ်ဆိုတော့ 
"မမ ရောက်ပီး မိနစ် နှစ်ဆယ်လောက်နေတော့ ကျမလာပို့ပါတယ် 
တံခါးဘဲလ်ကို နှိပ်တာလဲ ဖွင့်မပေးလို့ပြန်ယူသွားတာပါ" လို့ပြောတယ်။ 
ကျမက တံခါးပွင့်မနေဘူးလားမေးတော့ မပွင့်ပါဘူးတဲ့။ ဝန်ထမ်းမလေးပြန်ဖြေသံကို
အမျိုးသားလဲ ကြားတယ်။ ကျမပြန်ဝင်လာတော့မှ တံခါးပျက်တာနေမှာလို့ ပြန်လျောချသွားတယ်လေ။ လာပို့တဲ့ မနက်စာက ပေါင်မုန့်မီးကင် ထောပတ်ခွက် နို့ခွက် ကော်ဖီအိုး ကြက်ဥကြော် ပါပဲ။ အချိန်လဲ မနက်စာစားချိန်မဟုတ်တော့ဘူးဆိုတော့ ကျမတို့လဲ ဧည့်ခန်းစားပွဲပေါ်တင်ပီး ယူလာတဲ့ ပစ္စည်း တွေကို အမျိုးသားနေရာပို့ဖို့ လုပ်ကြတယ်။ နောက်ပီး အပြင်မှာပဲ နေ့ခင်းစာစားပေါ့။ သွားစရာရှိတာသွားပီး အခန်းပြန်ရောက်တော့ တံခါးကဖွင့်မရဘူး။ 
သော့ကျပ်သလို သော့ပျက်သလိုဖြစ်နေတာ။ ငါးမိနစ် လောက်ဖွင့်တာ မရဘူး။ 
အဲဒါနဲ့. ဝန်ထမ်းတယောက်ကိုခေါ်ပြီး ဖွင့်ခိုင်းမယ်ပေါ့။
ကျမတို့ နှစ်ယောက် အောက်ဆင်းဖို့ တံခါးကို ကျောခိုင်းလိုက်ချိန်မှာ 
ချပ်ဆိုတဲ့ အသံနဲ့ တံခါးပွင့်သွားတယ်။ သော့ကနှုတ်ပီးပီ။ အမျိုးသားလဲ သူ့လက်ထဲက သော့ကိုတလှည့် တံခါး ကိုတလှည့် ကြည့်ပီး မျက်လုံးတွေပြူးနေပါရောလား။ 
ဒါပေမဲ့ သော့မကောင်းတာလို့ပဲ ကိုယ့်ဟာကိုယ် ဖြေတွေးလိုက်ရတယ်။
အခန်းထဲရောက်တော့ ဧည့်ခန်းစားပွဲပေါ်က ဗန်းထဲမှာ တခြားဟာတွေ အရာမယွင်းပဲ
ကြက်ဥကြော် တွေပျောက်နေတယ်။ ကြွက်ဆွဲ တယ်ပဲထင်မိကြတာပေါ့။
ဟိုတယ်ပုံစံနဲ့ မလိုက်အောင် ညစ်ပတ်ပါ့လားလို့ ထင်မိတာ။
အိပ်ခန်းထဲလဲရောက်ရော ပျောက်သွားတဲ့ ကြက်ဥကြော် နှစ်လုံးကို ဗီရိုရှေ့မှာ တွေ့လိုက်ပါရော။
စဉ်းစားကြည့်ပါနော် အနှစ်မကြက်အောင် ကြော်ထားတဲ့ ကြက်ဥကြော် ကို 
ပုံစံမပျက်ပဲ ဆယ်ပေကျော်လောက်ကို ကြွက်ဘယ်လိုဆွဲမှာလဲ။ 
နာမ်လောကကို ယုံတဲ့ကျမက အဖြေကိုသိနေသလိုပဲ။ 
ဒါပေမဲ့ အမျိုးသားကတော့ လုံးဝလက်မခံဘူး။ 
ကြက်ဥကြော် တွေကို အမှိုက်တောင်းထဲထည့်လိုက်ပီး ကျမလဲ 
ဝန်ထမ်းခေါ် ကျန်တဲ့စားစရာတွေပါ ပြန်ပေးလိုက်တယ်။
ညနေစောင်းကြတော့ မြို့ထဲသွားရင်း ညဘက်အဆာပြေစားရ အောင်ဆိုပီး
ဝက်သားချဉ်တွေကို အမျိုးသားကဝယ်လာတယ်။ 
ကျမက မယူစေချင်ပေမဲ့ အယုံအကြည်မရှိတဲ့ သူဆိုတော့ပြောရခက်သားလေ။ 
အမျိုးသားကညဘက်tvကြည့်ပီး အိပ်ခါနီးတော့ ဗိုက်ဆာလို့ ဆိုပီး ဝက်သားချဉ်တွေကို
ဖက်ဖြေပီး စားဖို့ပြင်နေတယ်။ ကျမက သိပ်လဲမကြိုက်တဲ့အပြင် ဗိုက်လဲမဆာတော့ ထမကြည့်မိဘူး။ ခဏနေတော့ အမျိုးသားအော်သံကြားတော့ ကျမလဲ ကမန်းကတန်းထ ကြည့်တော့
အမျိုးသားက အိမ်သာထဲအန်နေတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဝက်သားချဉ်တွေကို 
လက်ညှိုးထိုး ပြတယ်။ ပါးစပ် ပြန်မဖြေအားဘူး။ ကျမလဲ သွားကြည့်တော့ ညနေကမှ ဝယ်လာတဲ့အပြင် ဆိုင်မှာပါထိုင်စားလာတဲ့ ဝက်သားချဉ်တွေက အရောင်မဲပြာပြာကြီးနဲ့
ပုပ်စော်ကြီးကလဲ အရမ်းနံနေတာ တွေ့လိုက်ရတယ်။ ဘယ်နှယ့်ဖြစ်တာလဲ 
စောကတင်စားလာသေးတာ။ နာမည်ကြီး ဆိုင်ကတော့ အပုပ်ရောင်းမယ်မထင်ပါဘူး။ 
ထမင်းချဉ်ကလဲ တော်ရုံပုပ်စော်မနံဘူးလေ။ နောက်အဲဆိုင်သွားမစားနဲ့
လို့ပြောပီး အမျိုးသားလဲ အိပ်သွားရော ကျမတယောက်ထဲ အိပ်မပျော်ပဲကျန်ခဲ့တယ်။
စိတ်ထဲလဲမသန့်ဘူး။ ကျမက လူတော်တော်များများလိုပဲ ဒ်ီလို နာနာဘာဝတွေရှိရင်
စိတ်မသန့်တတ်ဘူး။ အမျိုးသားအလုပ်က ၂၄နာရီ နားစွင့်မျက်စိဖွင့် ထားရတဲ့
အလုပ်ဆိုတော့ လမ်းလျှောက်စကားပြောစက် ကိုကုတင်ဘေးက စားပွဲခုံ ပေါ်မှာသူဖွင့်ထားတယ်။ ထုံးစံတိုင်း သူတို့ အခေါ်အဝေါ်နဲ့ ဆက်သွယ်သံတွေကြားရတာပေါ့။ 
ခဏနေတော့ ကျမလဲအိပ်ပျော်သွားတယ်။ လက်မောင်းကို လာလှုပ်တော့ ကျမလဲနိုးလာတာပေါ့။ အမျိုးသားက နှိုးတာပါ။ ပီးတော့ နားထောင်ကြည့်စမ်း ဆိုပီး လေသံနဲ့ပြောလာတယ်။
ဘာလဲဆိုပီး ကျမငြိမ်ပီးနားထောင်လိုက်တော့ မိန်းမတယောက် အသံကြားရတယ်။
အင်္ဂလိပ်လို ပွစိပွစိနဲ့ တိုးတိုးရွတ်နေသံကြားတော့ ကျမလဲ မနက်က
အိမ်မက်ထဲမှာလိုလို တွေ့လိုက်ရတဲ့ မိန်းမကို သတိရသွားတယ်။
ဘယ်ကအသံထွက်ပါလိမ့်လို့ ကြည့်လိုက်တော့ လမ်းလျှောက်စကားပြောစက် ကထွက်နေတာပဲ။ အသံက အဝေးကြီးကလာသလိုလို ဖြစ်လိုက် နီးနီးလေးကလာ
သလိုလိုဖြစ်လိုက်နဲ့ ကျောချမ်းစရာပါ။ တခုခုကို မကျေနပ်လို့ တတွတ်တွတ်
ရွတ်နေတဲ့ ဦးနှောက်သိပ်မမှန်တဲ့ သူလိုပဲ ကျမတွေ့လိုက်တဲ့ပုံစံက။ 
အမျိုးသားလဲ စက်ကို ရုတ်ခြည်း ထပိတ်လိုက်တယ်။ ပီးတော့ ဘုရားထရှိခိုးပါရောလား။
နှစ်ယောက်သား ဖုန်းထဲက ပရိတ်ကြီး(၁၁)သုတ် ဖွင့်ထားပီး ငုတ်တုတ်နဲ့ မိုးလင်းတာပဲ။ 
မနက်ကျတော့ အစားအသောက် လာမပို့ဖို့ မှာရတယ်။ အသားတွေ မယူချင်ဘူးလေ။ 
အပြင်သွားမယ် ဆိုပီးပြင်နေတုန်း စားပွဲခုံ အပေါ်က စတိးချိတ်မှာချိတ်ထားတဲ့
ကျမသော့တွဲ ဖြုန်းခနဲ ပြုတ်ကျတယ်။ ချိတ်ကအကောက်အသေနော် ။
ချိတ်မပြုတ်ပဲ သော့ပြုတ်ကျတာ။ အမျိုးသားရော ကျမပါ မသိချင်ယောင်ဆောင်နေလိုက်တယ်။ 
ညနေကျမပြန်မှာဆိုတော့ ဒီတိုင်းထားလိုက်တာပေါ့။ အပြင်ကပြန်လာတော့ ဘွိုင်လာကြီးက ထပ်
ပွင့်တာ ညှော်နံ့တောင်ထွက်တော့မယ်။ ဟိုတယ် ကလဲ သူ့အခန်းအကြောင်း သူသိပုံပဲ ဘွိုင်လာပွင့်တဲ့ ကိစ္စ ဘာမှမပြောဘူး။
ကျမလဲ ညနေကားပြန်စီးရင်း နောက်တခါ ဒိအခန်းမယူဖို့ အမျိုးသားကို မှာရတယ်။
တကယ်တော့ မှာစရာမလိုပါဘူး။ ဒါပေမဲ့ ယောကျာ်းဆိုတော့မရှိဘူး
မယုံဘူးနဲ့ မျက်စိစုံမှိတ် ငြင်းတာပေါ့။
နောက်တခါလာတော့ အခန်းမတူဘူး ဒီဟိုတယ်ပဲ ထပ်တည်းဖြစ်တော့ 
နောက်ထပ်ပုံစံတမျိုးနဲ့ အခြောက်ခံရတာပေါ့ရှင်။
credit to Ma May Ko Ko 
(ရေးသားချက် ကို ကူးယူတင်ပြသည်)