head ad

Monday, August 21, 2017

အမြဲတမ်းငွေရှိနေသူတွေရဲ့ လျှို့ဝှက်ချက်များ

ကိုယ်တွေမှာ လခရတာချင်းအတူတူပေမယ့်

လလယ်လောက်ဆို လက်ထဲခြူ တပြားမရှိ ချေးပါဦးငှားပါဦးနဲ့။ တချို့တွေများကျတော့ ခပ်အေးအေးပဲ၊အမြဲတမ်းလိုငွေကြေး လောက်လောက်ငှငှ
ရှိနေတာမြင်ရတယ်နော်။ ဒီလိုလူတွေကမနာလိုစရာကောင်းလောက်အောင် ငွေကိုဘယ်လိုသုံးတတ်နေလဲဆိုတော့

လက်မလွယ်ဘူး

တချို့တွေက မလိုအပ်တဲ့အရာအတွက်ပိုက်ဆံအကုန်မခံကြဘူး။ တကယ်မလိုအပ်ဘဲနဲ့စိတ်အလိုလိုက်ပြီး ဟိုဟာစပ်စပ် ဒီဟာစပ်စပ်
ဝယ်တတ်သူတွေက လက်ထဲငွေမကျန်တာကများပါတယ်။ဆိုင်ထိုင်ရင်လည်း ကိုယ်ကပဲ သူဌေးလိုလို“ နေ နေ ငါရှင်းလိုက်မယ် ဒီလောက်ကအေးဆေး” ဆိုပြီးနောက်နေ့ ထမင်းကြမ်းခဲလွေးနေရသူတွေပါ။ငွေကြေးစီမံခန့်ခွဲမှုကောင်းသူတွေဟာ လက်မဖွာကြသူတွေဆိုတာတွေ့ရပါတယ်။

လူတွေဘာထင်ထင် ဂရုမစိုက်ဘူး

တခြားသူတွေရဲ့အမြင်ကို ဂရုစိုက်လွန်းသူတွေကငွေပိုကုန်ကြပါတယ်။ ကိုယ့်အတွက်မလိုအပ်ဘဲနဲ့ခေတ်နောက်ကျမှာစိုးလို့ Trendနောက်လိုက်ပြီးငွေကုန်နေကြသူတွေများပါတယ်။ငွေစုတတ်သူတွေက အဲလိုမဟုတ်ပါဘူး၊မလိုအပ်ရင်ဘာမှမဝယ်ဘဲ ဖိနပ်စုတ်တောင်ဆက်စီးနေတတ်ကြသူတွေပါ။အဓိကက သူတို့ဟာ စိတ်အလိုမလိုက်တတ်သူတွေဖြစ်ပါတယ်။

အဓိကနဲ့သာမည သိကြတယ်

သူတို့တွေဟာ ကိုယ်ဘယ်နေရာမှာတော့ငွေသုံးသင့်တယ်။ ဘယ်နေရာမှာတော့ မသုံးလည်းရတယ်ဆိုတာကို သေသေချာချာ သိသူတွေပါ။ကပ်စေးနှဲတယ်လို့မဆိုနိုင်ဘဲ ငွေသုံးရမယ့်နေရာဆိုမတွန့်မဆုတ်ပေးတတ်ကြပါတယ်။ အပိုလို့ထင်ရင်တော့ငိုပြရင်တောင် တစ်ဆယ်တန် ကျလာမှာမဟုတ်ပဘူးနော။

သည်းခံနိုင်တယ်

လက်ထဲငွေရှိသူတွေနဲ့ ငွေမရှိသူတွေရဲ့ အဓိကမတူတဲ့အရာက စိတ်ဓာတ်လို့ဆိုရမှာပါ။ ငွေစုတတ်သူတွေကစိတ်ဓာတ်ခိုင်မာသူတွေပါ။ သူတို့လိုချင်တဲ့အရာအတွက်စိတ်ရှည်သည်းခံနိုင်ကြတယ်။ လိုချင်တဲ့ပစ္စည်းတစ်ခုကိုမရမချင်း မဝယ်နိုင်မချင်း ကိုယ်ဆင်းရဲခံပြီးစုရမှာဝန်မလေးကြပါဘူး။

အပေါင်းအသင်း

“တံငါနားနီးတံငါ မုဆိုးနားနီးမုဆိုး ’’ဆိုသလိုပါပဲနော်။လက်ဖွာတတ်သူတွေနဲ့ ပေါင်းနေရင် ကိုယ်လည်းငွေကိုလွယ်လွယ်သုံးဖြစ်နေမှာပါ။
ငွေကြေးကိုစနစ်တကျကိုင်တွယ်တတ်သူတွေနဲ့နေရင်ကိုယ်လည်းလက်ဖွာတဲ့အကျင့် လက်လွယ်တဲ့အကျင့်တွေတဖြည်းဖြည်းပျောက်သွားမှာပါ။ဗဟုသုတရွာ ပရိသတ်ကြီးလည်း လကုန်ပြီးနောက်တစ်ပတ် လက်ဗလာဖြစ်ခြင်းမှကင်းဝေးကြပါစေနော


မြန်မာနိုင်ငံ၏ အချမ်းသာဆုံး သူဌေး များ စာရင်းများအနက် FRONTIER MYANMAR မှ ထုတ်ပြန်ချက်အရ ထိပ်တန်း (၆) ဦးမှာ

ဦးဇော်ဇော် (Max Myanmar)
ဦးထွန်းမြင့်နိုင် (ခ) စတီဗင်လော (Asia World)
ဦးတေဇ (Htoo)
ဦးသိမ်းဝေ (ခ) ဆာဂျ့်ပန်း (FMI & Yoma)
ဦး မိုက်ကယ်မိုးမြင့် (MPRL Oil & Gas)
ဦးချစ်ခိုင် (Eden) တို့ ဖြစ်သည်။
1. ဦးဇော်ဇော်
အသက် – ၄၈
အဓိလုပ်ငန်း – မက်စ်မြန်မာ ဂရု(ပ်) Max Myanmar Group
အဓိက လုပ်ငန်းအမျိုးအစားများ – ဘဏ်၊ ဟိုတယ်၊ ဆောက်လုပ်ရေး၊ လောင်စာဆီ၊ ကျောက်သံပတ္တမြားနှင့် ရာဘာလုပ်ငန်းများ
ဦးဇော်ဇော်သည် ဂျပန်နိုင်ငံတွင် အလုပ်လုပ်ခဲ့ပြီး ဂျပန်ဘတ်စ်ကားများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများနှင့် ဂျင်နရေတာမီးစက်များ တင်သွင်းရန် မြန်မာနိုင်ငံကို ၁၉၉၃ ခုနှစ်က ပြန်ရောက်ခဲ့ပါတယ်။ လုပ်ငန်းအမျိုးအစားတွေက တဖြည်းဖြည်း ကျယ်ပြန့်လာခဲ့ပြီး နေပြည်တော်မှာ ဘောလုံးကွင်း ဆောက်လုပ်ပေးခဲ့ခြင်းအပါအဝင် စစ်အစိုးရနဲ့ နီးစပ်ခဲ့တဲ့အတွက် ဦးဇော်ဇော်ကို အမေရိကန်က နာမည်ပျက်စာရင်း သွင်းခဲ့ပါတယ်။ နောက်ပိုင်းမှာ ဦးဇော်ဇော်ဟာ ကလေးဆေးရုံများ တည်ဆောက်ခြင်း၊ ကျေးလက်ဒေသများမှာ ဆေးခန်းများ ဆောက်လုပ်ခြင်း၊ ရေဘေးသင့် ဧရာဝတီတိုင်းတွင် ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ခြင်းကဲ့သို့ လူမှုရေး ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းများကို ထောက်ပံ့ခြင်းဖြင့် ၎င်းနှင့် ၎င်း၏ ကုမ္ပဏီပုံရိပ်ကို နာမည်ဆိုးများမှ လွတ်မြောက်စေရန် ကြိုးပမ်းလုပ်ဆောင်ခဲ့ပါသည်။
ယနေ့အချိန်တွင် မက်စ်မြန်မာ ဂရု(ပ်) Max Myanmar Group ၏လုပ်ငန်းများထဲ၌ ပါဝင်လာခဲ့သော မက်စ်ဓာတ်ဆီဆိုင်များ၊ ရန်ကုန်မြို့မှာ အသစ်ဖွင့်လှစ်ထားသည့် နိုဗိုတယ် ဟိုတယ် Novotel Hotel နှင့် မွန်ပြည်နယ်မှ ရာဘာစိုက်ခင်းတို့က သိသာထင်ရှားလာသော လုပ်ငန်းများဖြစ်ပါသည်။
2. ဦးစတီဗင်လော (ဦးထွန်းမြင့်နိုင်)
အသက် – ၅၇
အဓိလုပ်ငန်း – အေးရှားဝေါ ကုမ္ပဏီ Asia World Company
အဓိက လုပ်ငန်း အမျိုးအစား များ – ဆောက်လုပ်ရေး၊ လေယာဉ်ကွင်းနှင့် ဆိပ်ကမ်းအခြေခံအဆောက်အအုံများ၊ စွမ်းအင်၊ အိမ်ခြံမြေ ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများ
ဦးစတီဗင်လောသည် မြန်မာနိုင်ငံ သမိုင်း ၌ အင်အားအတောင့်တင်းဆုံး မူးယစ်ဆေးဝါး ကုန်ကူးသူ လော်စစ်ဟန်၏သား ဖြစ်သည်။ ၎င်းတို့သားအဖနှစ်ဦးသည် အေးရှားဝေါ ကုမ္ပဏီကို ၁၉၉၂ ခုနှစ်တွင် တည်ထောင်ခဲ့ရာ ဘိန်းစိုက်ပျိုးရောင်းချမှုကို ဖုံးကွယ်ရန် တည်ထောင်ခြင်းဖြစ်သည်ဟု စွပ်စွဲခံခဲ့ရသည်။ ဦးစတီဗင်လောက အဖေဖြစ်သူ၏ ဘိန်းအင်ပါယာလုပ်ငန်းကို စွန့်ခွာပြီး တရားဝင်လုပ်ငန်းများဘက်သို့ ကူးပြောင်းခဲ့သည်။ အေးရှားဝေါသည် နေပြည်တော် တည်ဆောက်ခြင်းတွင် အဓိက ပါဝင်ခဲ့ပြီး အထူးသဖြင့် နေပြည်တော် လေယာဉ်ကွင်း တည်ဆောက်မှုလုပ်ငန်း၌ ပါဝင်ခဲ့သည်။ စစ်တပ်နှင့် နီးစပ်ခဲ့သည့် ဦးစတီဗင်လောကို အမေရိကန်နိုင်ငံက နာမည်ပျက်စာရင်း သွင်းခဲ့သည်။
အေးရှားဝေါသည် ရန်ကုန်မြို့၏ အကြီးဆုံးဆိပ်ကမ်း လုပ်ငန်းလည်ပတ်မှုကို ကိုင်တွယ်ထားပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် တိုးချဲ့မှုစီမံကိန်းလုပ်ငန်း၌လည်း ပါဝင်နေသည်။ ဦးစတီဗင်လောသည် စင်ကာပူနိုင်ငံမှာလည်း ကုမ္ပဏီများစွာ ပိုင်ဆိုင်ပြီး မြန်မာနိုင်ငံအတွင်း စင်ကာပူကုမ္ပဏီများ ရင်းနှီးမြုပ်နှံမှုအတွက်လည်း အဓိက တာဝန်ရှိသူတစ်ဦး ဖြစ်သည်။ ၎င်းသည် မကွေး ဘောလုံးအသင်းကိုလည်း ပိုင်ဆိုင်ပါသည်။
3. ဦးတေဇအသက် – ၅၁
အဓိကလုပ်ငန်း – ထူး ဂရု(ပ်) Htoo Group
အဓိက လုပ်ငန်းအမျိုးအစားများ – လေကြောင်းလိုင်း၊ ဟိုတယ်၊ ကျွန်းသစ်၊ တွင်းထွက် သတ္တုပစ္စည်းများ၊ ဘဏ်၊ ဘောလုံး၊ ဖျော်ဖြေရေးလုပ်ငန်းများ
ထင်ရှားသော လုပ်ငန်းများ – Air Bagan၊ AGD Bank၊ Yangon United Football Club၊ Bagan Entertainment
ဦးတေဇသည် မြန်မာနိုင်ငံ၏ အထင်ရှားဆုံး လုပ်ငန်းရှင်များထဲမှ တစ်ဦးဖြစ်ပြီး ၁၉၈၈ ခုနှစ် ဆန္ဒပြမှုများမှာလည်း ပါဝင်ခဲ့သူ ဖြစ်သည်။ ၎င်းသည် ဒေါ်အောင်ဆန်းစုကြည်နှင့် ရင်းနှီးသူလည်းဖြစ်ကာ ၎င်း၏ စီးပွားရေးလုပ်ငန်းများကို ပုံမှန်မဟုတ်သော နည်းများနှင့် တည်ဆောက်ခဲ့သည် ဆိုသည်။ ထို့နောက် ၎င်းက ယခင် စစ်အစိုးရ အဓိကခေါင်းဆောင်ဟောင်း ဦးသန်းရွှေ ပြောသမျှကို လိုက်လံ လုပ်ဆောင်နိုင်သောကြောင့် နိုင်ငံရေးအရ အခွင့်အလမ်းသာမှုကို ရရှိခဲ့သည်။ ၂၀၀၈ ခုနှစ်အတွင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ၎င်းကို “မြန်မာစစ်အစိုးရအတွက် လက်နက်မှောင်ခိုရောင်းဝယ်သူနှင့် ဘဏ္ဍာရေးဆိုင်ရာ လက်ကိုင်တုတ်တစ်ဦး”အဖြစ် သတ်မှတ်ခဲ့သည်။
၎င်းက ထူး ဂရု(ပ်) ကို ၁၉၉၀ ပြည့်နှစ်မှာ တည်ထောင်ခဲ့ပြီး ဝေးလံသောဒေသများမှ ကျွန်းသစ် ထုတ်လုပ်ရောင်းချခြင်းကို အဓိက လုပ်ဆောင်ခဲ့သည်။ ထို့နောက် ယင်းကုမ္ပဏီက နေပြည်တော်မြို့ရှိ ဝန်ကြီးဌာနအဆောက်အအုံများကိုလည်း တည်ဆောက်ပေးခဲ့သည်။ ကုမ္ပဏီ၏ ထင်ရှားသော လုပ်ငန်းများမှာ အာရှစိမ်းလန်းဖွံ့ဖြိုးမှုဘဏ် Asia Green Development Bank၊ ကန်တော်ကြီး ပဲ့လေ့စ်ဟိုတယ် Kandawgyi Palace Hotel၊ အဲပုဂံလေကြောင်းလိုင်း Air Bagan နှင့် ရန်ကုန်ယူနိုက်တက်ဘောလုံးအသင်း Yangon United Football Club တို့ဖြစ်ကြသည်။
4. ဦးသိမ်းငွေ(ဆာ့ခ်ျပန်း)
အသက် – ၆၃
အဓိကလုပ်ငန်း – အက်စ်ပီအေ မြန်မာ Serge Pun & Associates (SPA Myanmar)
အဓိက လုပ်ငန်းအမျိုးအစားများ – အိမ်ခြံမြေ ဖွံ့ဖြိုးတိုးတက်ရေး၊ ဘဏ်၊ စုပေါင်းရင်းနှီးမြုပ်နှံမှု၊ ကျန်းမာရေးစောင့်ရှောက်မှု၊ဟိုတယ်၊ စားသောက်ဆိုင်လုပ်ငန်း၊ ကော်ဖီ လုပ်ငန်းများ
ထင်ရှားသော လုပ်ငန်းများ – ရိုးမဘဏ် Yoma Bank၊ အက်ဖ်အမ်အိုင် လေကြောင်း FMI Air၊ စတား စီးတီး Star City၊ မစ်ဆူဘီရှိ မော်တော်ယာဉ် Mitsubishi Motors၊ ကေအက်ဖ်စီ KFC
ဦးသိမ်းငွေ(Serge Pun) သည် မြန်မာနိုင်ငံမှ ပေကျင်းသို့ ၁၉၆၅ ခုနှစ်ဝန်းကျင်က ထွက်ခွာသွားခဲ့ပြီးနောက် ဟောင်ကောင်သို့ ပြောင်းရွှေ့ကာ အိမ်ခြံမြေလုပ်ငန်းကို လုပ်ကိုင်ခဲ့သည်။ ထို့နောက် ၃၄ နှစ်အကြာမှာ ပထမဆုံးအဖြစ် မြန်မာနိုင်ငံသို့ ၁၉၈၉ ခုနှစ်၌ ပြန်လည်ရောက်ရှိလာပြီး ၂၀၁၃ ခုနှစ် စက်တင်ဘာလက ဖေဖာ့ဘ်စ် Forbes မဂ္ဂဇင်းက ၎င်းကို “ကမ္ဘာနှစ်ခုကို ပေါင်းစပ်ပေးသူ”ဟု သတ်မှတ်ခဲ့သည်။ တရုတ် လုပ်ငန်းရှင်တစ်ဦးအဖြစ် မြန်မာနှင့် တရုတ်စီးပွားရေး နှစ်ခုစလုံးမှာ ဝင်ရောက်အခြေချနိုင်ခဲ့ပြီး နိုင်ငံတကာ ရင်းနှီးမြုပ်နှံမှုများကိုလည်း လုပ်ဆောင်နိုင်ခဲ့သည်။ ၎င်းမှာမူ အမေရိကန်စီးပွားရေး၏ ပိတ်ဆို့အရေးယူမှု စာရင်း၌ မပါဝင်ခဲ့ချေ။
အက်ဖ်အမ်အိုင် First Myanmar Investement နှင့် စင်ကာပူ နိုင်ငံ၌ မှတ်ပုံတင်ထားသော Yoma Strategic တို့ကြားမှ ခွဲထွက်လာသည့် အက်စ်ပီအေ မြန်မာ SPA Myanmar သည် မြန်မာနိုင်ငံ၏ အိမ်ခြံမြေ ဖွံ့ဖြိုးရေးကဏ္ဍနှင့် ငွေကြေးကဏ္ဍတို့တွင် အဓိကလုပ်ကိုင်သူ ဖြစ်သည်။ ထို့နောက် လေကြောင်းလိုင်း၊ စိုက်ပျိုးရေးနှင့် အခြား စက်မှုလုပ်ငန်းများကိုလည်း လုပ်ကိုင်ပြီး တစ်ခါတရံ နိုင်ငံခြား ပါတနာများနှင့်လည်း တွဲဖက်လုပ်ကိုင်လေ့ရှိသည်။
5. ဦးမိုက်ကယ်မိုးမြင့်
အသက် – ၆၃
အဓိကလုပ်ငန်း – MPRL E&P
အဓိကလုပ်ငန်းအမျိုးအစားများ – ရေနံနှင့် သဘာဝဓာတ်ငွေ့ထုတ်လုပ်ခြင်း
ဦးမိုက်ကယ်မိုးမြင့် သည် မြန်မာနိုင်ငံ ၏ “အအောင်မြင်ဆုံးနဲ့ တရားနည်းလမ်း အကျဆုံး စီးပွားရေးလုပ်ငန်းရှင်”တစ်ဦး ဖြစ်ကြောင်း မြန်မာနိုင်ငံ စွမ်းအင်ဝန်ကြီးဌာနနှင့် ၎င်းအကြား အငြင်းပွားမှုကို ဖော်ပြခဲ့သည့် အမေရိကန်သံရုံးမှ ပေါက်ကြားသောသတင်းက ဆိုသည်။ ထို့နောက် ၎င်းကို အမေရိကန်နိုင်ငံ ပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင်ထားမှုမှ ဖယ်ရှားရန်လည်း တောင်းဆိုခဲ့သည်။ ဦးမိုက်ကယ်မိုးမြင့်သည် ခရိုနီများနှင့် ပတ်သက်ခြင်း မရှိကြောင်း ကြေညာခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အင်န်အယ်လ်ဒီ) ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် နီးစပ်ခဲ့သည့်အတွက် နိုင်ငံတကာ စီးပွားရေးလုပ်ငန်းရှင်များက သဘောကျခဲ့ကြသည်။
6. ဦးချစ်ခိုင်
အသက် – ၆၈
အဓိကလုပ်ငန်း – အေဒင် ဂရု(ပ်) Eden Group
အဓိလုပ်ငန်းအမျိုးအစားများ – ဆောက်လုပ်ရေး၊ ဘဏ်၊ စားသောက်ဆိုင်လုပ်ငန်း၊ ဟိုတယ်၊ ဆန်၊ စွမ်းအင်၊ ကျောက်မီးသွေး၊ လောင်စာဆီ
ထင်ရှားသော လုပ်ငန်းများ – မက်ပ်ကို MAPCO၊ မြန်မာ့ရှေ့ဆောင်ဘဏ် Myanma Apex Bank၊ ဟီတန် ဟိုတယ် Hilton Hotel၊ ဖူဂျီ ကော်ဖီဟောက်စ် Fuji Coffee House
ဦးချစ်ခိုင် ၏ စီးပွားရေး အင်ပါယာ သည် ၁၉၉၀ ပြည့်နှစ်များမှာ ဆောက်လုပ်ရေး လုပ်ငန်း နှင့် စတင်ခဲ့သည်။ ၎င်း၏ အေဒင်ဂရု(ပ်)သည် ဟိုတယ်၊ ဘဏ်နှင့် စိုက်ပျိုးရေး လုပ်ငန်းနယ်ပယ် များမှာ အကြီးဆုံး လုပ်ငန်း တစ်ခု ဖြစ်ခဲ့သည်။ အခြားမြန်မာ လုပ်ငန်းရှင်များနည်းတူ အေဒင်ဂရု(ပ်)သည် နေပြည်တော် တည်ဆောက်ရေး လုပ်ငန်းစဉ်များ၌ ပါဝင်ခဲ့သည်။ အခြားလုပ်ငန်းရှင်များကဲ့သို့ ၎င်းသည်လည်း စစ်တပ်နှင့် ဆက်သွယ်မှုများ ရှိခဲ့သဖြင့် နိုင်ငံတကာ စီးပွားရေး ပိတ်ဆို့ခံရသူများ စာရင်းမှာ ပါဝင်ခဲ့သည်။
၎င်းသည် လွန်ခဲ့သောနှစ် အနည်းငယ်မှစပြီး လူမှုဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း များကို လုပ်ကိုင်ခဲ့သည်။ ဦးချစ်ခိုင် သည် မြန်မာနိုင်ငံ ဆန်စပါးအသင်း ဥက္ကဋ္ဌလည်းဖြစ်ကာ ဆင်းရဲသော လယ်သမား များ၏ ကလေး များအတွက် တက္ကသိုလ် ပညာသင်ဆုများ ပေးအပ်လေ့ရှိပြီး
မြန်မာ့ရှေ့ဆောင်ဘဏ် မှတစ်ဆင့် လယ်သမား များ ခေတ်မီလယ်ထွန်ပစ္စည်းများ သုံးနိုင်စေရေးအတွက် အသေးစားချေးငွေများ ထုတ်ချေးပေးလေ့ရှိသည်။
အတွင်းသတင်းများ
တဆင့် T P Naing
မူရင်းပိုင်ရှင်အား Credit ပေးပါသည်။

အားဒေါလ်ဖ် ဟစ်တလာ (Adolf Hitler)

အားဒေါလ်ဖ် ဟစ်တလာ (Adolf Hitler)
Born ၁၈၈၉ ဧပြီ ၂၀ဩစတြီးယား တွင်မွေးဖွားပြီး
Died ၁၉၄၅ ဧပြီ ၃၀ ဘာလင်၊ ဂျာမနီ တွင်သေဆုံးသည်
ကြင်ဖော် = Eva Braun နာမည်အပြည့်အစုံမှာ “အားဒေါလ်ဖ် ဟစ်တလာ” (Adolf Hitler) ဖြစ်သည်။ သူ့ ကို ၁၈၈၉ ခု ဧပြီလ ၂၀ ရက်နေ့တွင်ယနေ့  သြစတြီးယားပြည်နယ်မြောက်ပိုင်း Braunau am Inn တွင် မွေးဖွားခဲ့သည်။ သူ၏မွေးရပ်မြေမှ ဂျာမဏီနိုင်ငံသို့ ကူးပြောင်းနေထိုင်ခဲ့ပြီး ဂျာမဏီနိုင်ငံရေးလှုပ်ရှားမှုမျာတွင် တက်ကြွစွာ ပါဝင်ခဲ့သည်။ ၁၉၂၁ ခုနှစ်မှစ၍ ဂျာမန် အမျိုးသား ဆိုရှယ်လစ် အလုပ်သမားများ ပါတီ (NSDAP) ၏ခေါင်းဆောင်ဖြစ်လာခဲ့သည်။
၁၉၃၃ ခုနှစ်မှစ၍ ဂျာမဏီနိုင်ငံ ဝန်ကြီးချုပ်၊ ၁၉၃၄ ခုမှစ၍ သေဆုံးသည် ၁၉၄၅ ခုနှစ်အထိ သူ့ ကိုယ်သူ “အမျိုးသားခေါင်ဆောင်” ဟုအမည်တပ်ပြီး နိုင်ငံတော်သမ္မတ၊ နိုင်ငံတော် အစိုးရအဖွဲ့  ဥက္ကဋ္ဌ ရာထူးများကို တစ်ဦးတည်းသိမ်းပိုက်ကာ တိုင်းပြည်အာဏာကို ထင်သလို ခြယ်လှယ်ခဲ့သူ တစ်ဦးဖြစ်သည်။ သူသည် ၁၉၄၅ ခု ဧပြီလ ၃၀ ရက်နေ့ တွင် သူနေထိုင်ရာ ဘာလင်မြို့ နန်းတော်တွင်း၌ သူ့ ကိုယ်သူပင်အဆုံးစီရင်ခဲ့သည်။
ဟစ်တလာနှင့် နာဇီဝါဒ
ဟစ်တလာ၏ ဦးဆောင်မှု အောက်တွင် နာဇီဟုခေါ်သော လူတစ်စုသည် ဂျာမဏီနိုင်ငံတွင် အာဏာရှင်စနစ်ကို ကျင့်သုံးကာ “တတိယ ဂျာမဏီ နိုင်ငံတော်” ကို တည်ထောင်ခဲ့ကြသည်။ ၁၉၃၃ ခုနှစ်မှစ၍ အခြားသော နိုင်ငံရေးပါတီများကို အဓမ္မဖျက်သိမ်းခဲ့ပြီး၊ အချို့သော ပါတီများကို ရပ်တည်၍ မရအောင် နည်းအမျိုးမျိုးနှင့် နှောင့်ယှက် ဖျက်ဆီးခဲ့သည်။ နာဇီအစိုးရကို ဆန့်ကျင်သော နိုင်ငံရေးလှုပ်ရှားသူများ အားလုံးကို ရှာဖွေဖမ်းဆီး စေပြီး နာဇီ အကျဉ်း စခန်းများသို့ပို့ဆောင် ချုပ်နှောင်၍ အဆုံး၌ ကွပ်မျက် သတ်ဖြတ်လိုက်ကြသည်။
ဟစ်တလာနှင့်သူ၏ အပေါင်းအပါများသည် ဥရောပတစ်ခွင်တွင် မှီတင်းနေထိုင်ကြသော “ဂျူး” လူမျိုးများ၊ အခြားသော ဘာသာဝင်များ၊ လူမျိုးခြားတိုင်းရင်းသားများ အပါအဝင် အခြားသော လူ့ အဖွဲ့ အစည်းဝင်များကို လိုက်လံရှာဖွေပြီး ရက်စက်သောနည်းမျိုးစုံဖြင့် စနစ်တကျ သတ်ဖြတ်လိုက်ကြသည်။
နာဇီတို့၏ ထိုလုပ်ရပ်များကြောင့်ပင် ဒုတိယကမ္ဘာစစ်မီး စတင်တောက်လောင်ခဲ့ပြီး ကလေးသူငယ်များ မိခင်များ အမျိုးသမီးများအပါအဝင် ၃၉ သန်းသော လူများ အသက်ဆုံးရှုံခဲ့ရသည်။ ထိုအထဲတွင် ဂျူးလူမျိုးခြောက်သန်းသည်လည်း နာဇီတို့၏ လက်ချက်ဖြင့် သေကြေပျက်စီးခဲ့ကြရသည်။ ဥရောပတိုက်ကြီး၏ ဒေသအတော်များများသည်လည်း စစ်ဘေးစစ်ဒဏ်ကြောင့် အစိတ်စိတ်အမွှာမွှာ ကြေမွပြီး အဆုံးအရှုံးများစွာကို ရင်ဆိုင်ခဲ့ရတော့သည်။
အတ္ထုပ္ပတ္တိ
ဟစ်တလာ၏ ကိုယ်ရေးအတ္ထုပ္ပတ္တိကို ကြည့်လျှင် အလွန်အမင်း ခြားနားကွာဟနေသော ဘဝအစိတ်အပိုင်းနှစ်ခုကို ပိုင်ဆိုင်သူဖြစ်ကြောင်း ဖော်ပြနေပေသည်။ သူ၏ အသက် ၃၀ အရွယ်ရောက်သည့်တိုင်အောင် ဟစ်တလာသည် အများနည်းတူ ဘဝအောင်မြင်မှုကို မရရှိနိုင်ခဲ့။ မည်သည့်အလုပ်ကိုမှ မယ်မယ်ရရ တတ်ကျွမ်းထားခြင်းလည်းမရှိ၊ မည်သည့် လူ့အသိုင်းအဝိုင်း အဆက်အသွယ်ကောင်းများကိုမှလည်း ထိထိရောက်ရောက် မရှိခဲ့သူ ဖြစ်ရာ သူ၏ဘဝတိုးတက်ကြီးပွားရေးသည်လည်း နှောင့်နှေးကြန့်ကြာခဲ့ရသည်။
ဟစ်တလာ ငယ်စဉ်က
ထို့ နောက်တွင်တော့ ဟစ်တလာသည် နှစ်အနည်းငယ်အတွင်းတွင်ပင် ဂျာမဏီနိုင်ငံတော်ကြီးကိုပင် ဝန်ကြီးချုပ်လုပ် သိမ်းပိုက်နိုင်ရုံမက ဥရောပနိုင်ငံအတော်များများကိုလည်း သူ၏လက်အောက်သို့ ပြားပြားမှောက် ရောက်ရှိစေခဲ့သည်။ ပြောရလျှင် သူလိုလူသည် ဤကမ္ဘာလောကတွင် မရှိသလောက်ပင် ရှားသည် ဟုဆိုရမည်။နိုင်ငံရေးလောကထဲမဝင်မီ သူ၏ဘဝနှင့် သူ၏ဇာတ်ကြောင်းကို ဟစ်တလာသည် “ပဟေဠိ” တစ်ခုအနေဖြင့်သာ အများကို သိစေခဲ့သည်။ Krockow ၏စာအုပ်ထဲတွင် “ငါဘယ်ကလာတယ်၊ ငါက ဘယ် မိသားစုကပေါက်ဖွားတယ်ဆိုတာ ဒင်းတို့ သိဖို့ အရေးမပါ ပါဘူး” လို့ ဟစ်တလာက သူ့  ခေတ်ပြိုင် နိုင်ငံရေးသမားတွေကို ရည်ညွန်းပြီး ပြောခဲ့ကြောင်း ရေးသားထားပါသည်။အားဒေါ့လ်ဖ်ဟစ်တလာ့ကို အကောက်ခွန်အရာရှိ အားလွိုက်စ် ဟစ်တလာ နှင့် ဇနီးဖြစ်သူ ကလာရာ တို့ မှ သြစတြီးယားပြည်နယ်မြောက်ပိုင်း ဗရောင်းနောင်း အမ် အင်းန် တွင် မွေးဖွားခဲ့သည်။ ၁၉၀၃ ခုနှစ်တွင် ဖခင်ဖြစ်သူသေဆုံးခဲ့ပြီး အထက်တန်းကျောင်းမှ နှုတ်ထွက်ခဲ့သည်။ ဗင်းန် မြို့ တွင် ယဉ်ကျေးမှု တက္ကသိုလ် ဝင်ခွင့်စာမေးပွဲကို ဝင်ရောက်ဖြေဆိုပြီး အောင်မြင်မှုမရခဲ့သည့်အတွက် သူဖြစ်ချင်သော အနုပညာရှင် တစ်ယောက်ဖြစ်ရန် ရည်မှန်းချက်ကို လက်လွှတ်လိုက်ရသည်။၁၉၁၄ ခုနှစ်တွင် ပထမကမ္ဘာစစ်ကြီးစတင်ဖြစ်ပွားခဲ့ရာ ဂျာမန်စစ်တပ်အတွင်းသို့  မိမိသဘောဖြင့်ပင် ဝင်ရောက်အမှုထမ်းခဲ့သည်။ စစ်ကြီးပြီးသောအချိန် ၁၉၁၉ ခုနှစ်တွင် ဂျာမန် အလုပ်သမားများပါတီ (DAP)ဟူသည့် ပါတီအသစ်အတွင်းသို့ အဖွဲ့ ဝင်အဖြစ် စာရင်းသွင်းခဲ့သည်။ ထိုပါတီကို ၁၉၂၀ တွင် အမျိုးသာ ဆိုရှယ်လစ် ဂျာမန် အလုပ်သမားများ ပါတီ (NSDAP) အဖြစ် အမည်ပြောင်းလဲခေါ်တွင်ခဲ့သည်။
ပထမ ကမ္ဘာစစ်အတွင်းက ဟစ်တလာ
သူ၏စကားပြောပါးနပ်မှု၊ နားထောင်သူကို ဆွဲဆောင်နိုင်မှု၊ အဟောအပြောကောင်းမှုတို့ က သူ့ ကို စင်ပေါ်သို့ လျင်မြန်စွာပင် တွန်းတင်ပေးခဲ့သည်။ အစိုးရအဖွဲ့ အတွင်းမှ ပြဿနာများကြောင့် နာဇီပါတီသည် ပြည်သူလူထုကို စည်းရုံးရန် လွယ်ကူခဲ့သည်။
ဟစ်တလာ၏ လက်ရေးမူ
၁၉၂၃ ခုနှစ်တွင် ဟစ်တလာနှင့် လူဒန်ဒေါ့ဖ် တို့ သည် မြူနစ်မြို့ တွင် နိုင်ငံတော်အာဏာသိမ်းရန် ကြံစည်ရာ မအောင်မြင်ခဲ့ပေ။ သူ၏လုပ်ရပ်သည် ပစ်မှုထင်ရှားသည့်အတွက် ထောင်ဒဏ် ၅ နှစ် ကျခံစေရန် တရားရုံးမှ အမိန့်  ချမှတ်ခဲ့သည်။ သို့ သော် သူသည် ၁၉၂၄ ခုနှစ်တွင်ပင် ပြန်လည် လွတ်မြောက်လာခဲ့သည်။ ထိုနှစ်များတွင် သူသည် သူ၏ နောင်အချိန်တွင် နာမည်ကျော်ကြားလာသော “ကျွန်ုပ်၏စွန့် စားခန်းများ” (Mein Kampf) စာအုပ်ကို ရေးသားပြုစုခဲ့သည်။ ထိုစာအုပ်အတွင်းတွင် သူ၏ နိုင်ငံရေး ရည်မှန်းချက်များ ဖြစ်သည့် ဂျူးလူမျိုးသုတ်သင်ရေး နှင့် အရှေ့ ပိုင်းနိုင်ငံများသို့  နယ်မြေများ တိုးချဲ့ ရေးစသည်တို့ ပါဝင်သည်။အကြမ်းဖက် အာဏာသိမ်းမှုသည် အောင်မြင်မှုလမ်းစ မရှိနိုင်ကြောင်း ခံစားမိသွားသည့် ဟစ်တလာသည် နိုင်ငံတော်အာဏာကို တရားဝင်နည်းလမ်းများသုံး၍ အရယူရန် ကြံစည်လေတော့သည်။ ၁၉၃၂ ခုနှစ်တွင် ကျင်းပသော အထွေထွေရွေးကောက်ပွဲတွင် သူ၏ပါတီ (NSDAP) က အင်အားအကြီးဆုံး ပါတီဖြစ်လာခဲ့သည်။ အကျိုးဆက်အနေနှင့် သူသည် ၁၉၃၃ ခု ဇန္နဝါရီလ ၃၀ ရက်နေ့ တွင် သူသည် နိုင်ငံတော် ဝန်ကြီးချုပ်ဖြစ်လာခဲ့တော့သည်။
ဟစ်တလာ အာဏာရလာပုံ
အာဒေါ့လ်ဖ် ဟစ်တလာသည် နိုင်ငံရေးနှင့် အုပ်ချုပ်ရေးလောကသို့ ဝင်ရောက်လာချိန် ကတည်းကပင် ဂျာမဏီနိုင်ငံတွင် ဒီမိုကရေစီစနစ်ကို ဖော်ဆောင်ရန် စိုးစင်းမျှ စိတ်ကူးခဲ့ခြင်းမရှိပေ။ သို့ သော် နိုင်ငံတော်အာဏာကို သူ့ ၏လက်ဝယ်သို့  လျှင်မြန်စွာ ရောက်ရှိရေးနှင့် ရရှိပြီးသော အာဏာကို အဓွန့် ရှည်ကြာစွာ ဆက်လက် ချုပ်ကိုင်ထားနိုင်ရေး အတွက်ကိုမူ ဒီမိုကရေစီလမ်းစဉ်ကို စနစ်ကျစွာ အလွဲသုံးစား ပြုခဲ့သည်။ ဟစ်တလာသည် တရားဝင် နည်းလမ်းသုံးသွယ်ကို အသုံးပြုကာ အကြွင်းမဲ့အာဏာရှင်အဖြစ်သို့ လွယ်လင့်တကူပင် ရောက်ရှိလာခဲ့ပေတော့သည်။
အုပ်ချုပ်ရေးအာဏာကို အရယူခြင်း
၁၉၃၃ ခု ဖေဖော်ဝါရီလ ၂၇ ရက်နေ့ တွင် ဂျာမဏီနိုင်ငံ ပြည်သူ့ လွတ်တော်အဆောက်အဦီကြီး မီးစွဲလောင်သည်။ ထိုမီးလောင်မှုကြီးသည်ပင် ဟစ်တလာကို အာဏာရှင်အဖြစ်သို့ ရောက်ရှိလာရန် ပထမဦးဆုံး တွန်းအားပေးခဲ့ပေသည်။ မီလောင်မှုနှင့် စပ်လျဉ်း၍ အရေးပေါ်အစည်းအဝေးတစ်ရပ်ကို အချိန်မဆိုင်းဘဲ ခေါ်ယူဆွေးနွေးခဲ့သည်။ ယင်းအစည်းအဝေးတွင် ဟစ်တလာက လက်ရှိ နိုင်ငံတော်သမ္မတထံမှ ဥပဒေသစ်တစ်ခုကို တောင်းခံခဲ့သည်။
“နိုင်ငံတော်နှင့် လူမျိုးစုများကို ကာကွယ်စောင့်ရှောက်ပိုင်ခွင့် ဥပဒေ” ဟုခေါ်သည့် ၄င်းဥပဒေကြောင့် တရားဝင်ထုပ်ပြန်ထားသည့် နိုင်ငံသားတို့ ၏ လွပ်လပ်ခွင့်နှင့် လူသားအားလုံး၏ အခြေခံဥပဒေများအားလုံးသည် အချိန်အကန့် အသတ်မရှိဘဲ အလိုအလျောက် ရုပ်သိမ်းခြင်းကို ခံလိုက်ရပေတော့သည်။ ထိုအစည်းအဝေးကျင်းပသည် ၂၈ ရက်နေ့  ညနေတွင် ဟစ်တလာသည် သူ၏အတိုက်အခံများ ဖြစ်ကြသော ကွန်မြူနစ်များ၊ လက်ဝဲအစွန်းရောက်များနှင့် ဆိုရှယ်ဒီမိုကရက် များကို သူ၏အမိန့် ဖြင့် လိုက်လံ ဖမ်းဆီး ချုပ်နှောင်စေခဲ့သည်။
ဥပဒေပြုအာဏာကို အရယူခြင်း
၁၉၃၃ ခု မတ်လ ၂၄ ရက်နေ့ တွင် ဟစ်တလာသည် စစ်ဥပဒေသစ်တစ်ရပ်ကို ထုတ်ပြန်ကြေငြာခဲ့သည်။ ထိုဥပဒေကို “နိုင်ငံတော်နှင့် နိုင်ငံသားတို့ ၏ အရေးပေါ်အခြေအနေများကို ကိုင်တွယ်ဖြေရှင်းခွင့် ဥပဒေ” ဟု တရားဝင်ခေါ်ဆိုခဲ့သော်လည်း ထိုအမိန့် ဥပဒေအရပင် ဟစ်တလာ အာဏာရှင်သည် နိုင်ငံတော် ဖွဲ့ စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေကို လိုသလို မွှေနှောက်အသုံးချနိုင်သူ ဖြစ်သွားသည်။ ထို့ ထက်ဆိုးသည်မှာ အဆိုပါ အမိန့် အရ ပြည်သူ့ လွှတ်တော်၏ ထိန်းချုပ်မှုအောက်မှလည်း ကွင်းလုံးကျွတ် လွတ်မြောက်ခွင့်ရ သွားလေ တော့သည်။ဤနည်းဖြင့်ပင် ဂျာမဏီနိုင်ငံတွင် အချိန်အတော်အတန်ကြာ အမြစ်တွယ်နေပြီးဖြစ်သော ဒီမိုကရေစီစနစ်ကြီးသည် အပြီးအပိုင် ချုပ်ငြိမ်းသွားခဲ့လေတော့၏။ တချိန်တည်းတွင်ပင် စစ်အာဏာရှင်များသည် နိုင်ငံရေးအတိုက်အခံများ၊ တော်လှန်ပုန်ကန်သူများ ကို ချုပ်နှောင်ထိန်းသိမ်းရန် နာဇီအကျဉ်းစခန်းများကို စတင် တည်ဆောက်လေတော့သည်။
တရားစီရင်မိန့် အာဏာကို အရယူခြင်း
နိုင်ငံရေးသမားများကို မြေလှန်ရှာဖွေ ဖမ်းဆီးစေနိုင်ခဲ့ပြီး တော်လှန်ပုန်ကန်သူများကိုလည်း ဖြုတ်ထုတ်ရှင်းစနစ်ဖြင့် ကြိုးကိုင်ထိန်းချုပ်ထားနိုင်ခဲ့သည့်အချိန်တွင် အာဏာရှင်စနစ်ဆိုးကြီးသည်လည်း အရှိန်တဟုမ်းဟုမ်းဖြင့် လောင်ကြွမ်းနေလေပြီ။ ၁၉၃၃ ခု ဇွန်လ ၃၀ ရက်နေ့ တွင် ဖြစ်ပွားခဲ့သော ရုမ်းမ် “Roehm” ၏ အာဏာသိမ်းရန် ကြံစည်မှုကြီးက ဟစ်တလာကို နောက်ထပ် လှေကားထစ်တစ်ခုသို့ ထပ်မံ တွန်းပို့ လိုက်သည်နှင့် တူနေလေတော့သည်။SS စစ်တပ်နှင့် ကာကွယ်ရေးစစ်တပ်နှစ်ခုကို ပူးပေါင်းစေပြီး အာဏာသိမ်းရန် ကြံစည်သော အဲ့န်စ်တ် ရုမ်းမ် “Ernst Roehm” အပါအဝင် အခြားသော SA စစ်ဗိုလ်များကို ကွက်မျက်စေခဲ့သည်။ ၁၉၃၃ ဇူလိုင် ၃ ရက်နေ့ တွင် ထုတ်ပြန် သော ဥပဒေအသစ်မှ ၏လုပ်ရပ်သည် နိုင်ငံတော် အေးချမ်းသာယာရေးကို ကာကွယ်စောင့်ရှောက်ခြင်း ဖြစ်သဖြင့် ဥပဒေကြောင်လမ်းအရ မှန်ကန်သော လုပ်ရပ်ဖြစ်ကြောင်း တရားဝင်ကြေငြာခဲ့သည်။SA စစ်တပ်ကြီးသည် ထိုအချိန်မှစ၍ သူ၏လုပ်ပိုင်ခွင့်နှင့် အထူးအာဏာများကို လက်လွှတ်လိုက်ရပြီး SS စစ်တပ်သည်သာလျှင် ဟစ်တလာ၏တိုက်ရိုက်ဦးဆောင်မှု့ ဖြင့် အာဏာရှင်လက်ကိုင်တုတ်များ ဖြစ်လာကြတော့သည်။ဤသို့ သော တရားဝင်နည်းလမ်းအသွယ်သွယ်ကို အသုံးချရင်း နိုင်ငံတော်အာဏာကို တစတစသိမ်းယူလာခဲ့သည်။ ဂျာမဏီနိုင်ငံသမ္မတ ဟင်းဒန်းဘွတ်ခ် ကွယ်လွန်ပြီးသည့်အချိန်မှစ၍ လက်ရှိရာထူးအပြင် နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ခေါင်းဆောင်ကြီး အမည်များခံယူကာ ဟစ်တလာသည် အကြွင်းမဲ့အာဏာရှင်ဘဝသို့  ပြိုင်ဘက်မရှိ ရောက်ရှိသွားလေတော့သည်။
လေးစားစွာဖြင့် မူရင်းရေးသားသူ တင်မောင်လှိုင် အား credit ပေးပါသည်

အမေရိကားမှာ ဂျပန်ဆူရှီရောင်းရင်း မီလျံနာဖြစ်သွားတဲ့ မြန်မာလူမျိုး ဖိလစ်မောင်

မြန်မာနိုင်ငံသား ဖိလစ်မောင် Philip Maung (အမည်စာရင်း-မောင်ဖုန်းလွင်)ဟာ ၁၉၈၉ ခုနှစ်မှာ အိတ်ကပ်ထဲ အမေရိကန်ပိုက်ဆံ ၁၃ ဒေါ်လာပဲဖြစ်ပါပြီး အမေရိကန်နိုင်ငံကိုရောက်သွားခဲ့တယ်။ အဲဒီကိုရောက်ကာစမှာ သူဟာကြုံရာအလုပ်တွေလုပ်ရင်း ဘ၀ကိုခက်ခက်ခဲခဲ ရုန်းကန်နေခဲ့တယ်။ နေစရာမရှိလို့သူငယ်ချင်းရဲ့ ကားထဲမှာ တစ်ပတ်လောက် ည အိပ်ခဲ့ရတယ်။ ဂျပန်အစာဆူရှီလုပ်နည်းကို တစ်ပတ်နဲ့အတတ် သင်ယူခဲ့တယ်။ နောက်ပိုင်းမှာအမေရိကန်အနှံ့မှာ ဆူရှီဆိုင်တွေဖွင့်ရင်းအောင်မြင်လာခဲ့တယ်။ ၂၀၁၁ ခုနှစ်မှာ အမေရိကန်သမ္မတ အိုဘားမားက အိမ်ဖြူတော်ကိုဖိတ်ခေါ်ပြီး ချီးကျူးဂုဏ်ပြုခံရတဲ့ စီးပွားရေးလုပ်ငန်းရှင်ထဲမှာ သူ ပါဝင်ခဲ့တယ်။ သူ့ကိုဖိတ်ခေါ်ဂုဏ်ပြုခံရတဲ့ အကြောင်းကတော့ အမေရိကန်နိုင်ငံ စီးပွားရေးကျနေချိန်မှာ သူ့ကုမ္ပဏီက အမေရိကန်နိုင်ငံသားများစွာကို အလုပ်ပေးထားခဲ့လို့ပါတဲ့။ သူဟာအမေရိကန်ဟာ မီလျံနာသူဌေးတစ်ယောက် ဖြစ်နေပါပြီ။ ဒါပေမယ့် သူဟာအောင်မြင်မှုကိုလွယ်လွယ်ကူကူရခဲ့တာမဟုတ်ပါဘူး။
ဖိလစ်မောင်ရဲ့အဖိုးနဲ့အဘွားနဲ့ဟာ တရုတ်ပြည်မကြီးကပါ။ သူ့ကိုဒုတိာ ကမ္ဘာစစ်ကြီးမပြီးခင်မှာ ရေကြည်ရာမျက်နုရာရှာရင်းနဲ့ မြန်မာပြည်မှာ အခြေချနေထိုင်ခဲ့ပါတယ်။သူ့အဖေနဲ့အမေဟာ မြန်မာပြည်မှာမွေးဖွားခဲ့သူဖြစ်ပါတယ်။ ဒါကြောင့်ဖိလစ်တို့မောင်နှမ ၆ ယောက်ဟာ ငယ်ငယ်ကတည်းက ဆင်းဆင်းရဲရဲချို့ချို့တဲ့တဲ့နဲ့ နေခဲ့ကြတယ်။ဖိလစ်နဲ့စသူ့အစ်ကိုဟာ ကျောင်းဆင်းတဲ့အချိန်မှာ အဖေရဲ့ ၀က်ခေါက်ကင်အလုပ်ကို ၀င်လုပ်ကြတယ်။ အိမ်ရောက်တာနဲ့ ၀က်ခေါက်က ၀က်မွှေးတွေကို ဇာဂနာနဲ့ တစ်မွှေးဆီဆွဲနှုတ်တယ်။ အချိန်အရမ်းကုန်သလို အတော်ပင်ပန်းတဲ့အလုပ်ပါ။ တစ်ခါတစ်လေသူတို့ဟာ ညည့်နက်သန်းခေါင်အထိတောင်လုပ်ကြတယ်။
ဖိလစ်ဟာ အဲဒီဆင်းရဲပင်ပန်းမှုကို ဘ၀သင်ခန်းစာတစ်ခုလို့ မှတ်ယူလိုက်တယ်။ ဆင်းရဲရင် ဒီလိုပင်ပင်ပန်းပန်း လုပ်ကိုင်စားသောက်ရပါလားဆိုတဲ့စိတ်ဓာတ်ကို ငယ်ငယ်ရွယ်ရွယ်နဲ့ ရလိုက်တယ်။ သူ့မှာပျော်ရွှင်စရာကောင်းတဲ့ ကလေးဘ၀ဆိုတာမရှိခဲ့ဘူး။ ကျောင်းက အိမ်ပြန်ရောက်ရင်နဲ့ ကျောင်းပိတ်ရက်တွေဆို အဖေရဲ့ဝက်ခေါက်ကင်လုပ်ငန်းကို ၀ိုင်းကူလုပ်ပေးတယ်။ ဒီလိုနဲ့သူ့ရဲ့ကလေးဘ၀ဟာ ကုန်ဆုံးသွားခဲ့တယ်။ ဆင်းရဲတွင်းထဲက လွတ်မြောင်အောင်ပညာတတ်အောင်လုပ်မယ်လို့ဆုံးဖြတ်လိုက်တယ်။ သူ့အဖေဟာ နိုင်ငံခြားဟောလိဝုဒ် ဇာတ်ကားတွေအရမ်းကြိုက်တယ်။ သူရုပ်ရှင်သွားကြည့်ရင် ဖိလစ်ကိုအမြဲခေါ်သွားလေ့ရှိတယ်။ ဖိလစ်ဟာရုပ်ရှင်ကားထဲက သူရဲကောင်းတွေ စွန့်စားသူတွေ၊ ဆင်းရဲတဲ့ဘ၀ကနေ အောင်မြင်ကြီးပွားသွားသူတွေကို အားကျနေပြီး ဆင်းရဲတွင်းက လွတ်မြောက်ချင်စိတ် တစ်နေ့တစ်ခြားပြင်းပြလာခဲ့တယ်။
သူဟာကျောင်းမှာ စာအရမ်းကြိုးစားပြီး စားမေးပွဲတွေမှာ အမြဲတမ်းထိပ်ဆုံးအဆင့်ကအောင်လေ့ရှိတယ်။ နောက်ပြီးညမအိပ်ခင်မှာ နာမည်ကြီးအင်္ဂလိပ်ဝတ္ထုရှည်ကြီးတွေကိုဖတ်တယ်။ သိပ်နားမလည်ပင်မဲ့ ကြိးစားဖတ်တယ်။ မသိတဲ့ စာလုံးအဓိပ္ပယ်တွေကို အင်္ဂလိပ်-မြန်မာ အဘိဓာန်မှာ ရှာကြည့်တယ်။ အင်္ဂလိပ်စာ တိုးတတ်ဖို့ သူ့ဘာသူကြိုးစားလာခဲ့တာ။ နောက်ပြီး ဒေးလ်နဲ့ ဂျီရေးတဲ့ How to win Friends and Influence People စာအုပ်ကို အပြန်အလှန်ဖတ်ပြီး လူတွေနဲ့ဆက်ဆံရေးမှာ လက်တွေ့စမ်းသုံးကြည့်တယ်။
ဖိလစ်ဟာ ၁၀ တန်းမှာ ဂုဏ်ထူးနဲ့အောင်တဲ့အတွက် ရန်ကုန်ဆေးတက္ကသိုလ်မှာ တတ်ဖိုအမှတ်မှီခဲ့တယ်။ ဒါပေမယ့် ဆေးကြောင်းတတ်ပြီး ၃ လအကြာမှာ သူ့မိဘတွေက နိုင်ငံခြားသား (FRC)ဖြစ်လို့ဆိုပြီး ကျောင်းဆက်တတ်ခွင့်မရတော့ပါဘူး။ အဲ့ဒီခေတ်ကအစိုးရက နိုင်ငံခြားသွေးနှောသူတွေကို ဆရာဝန်၊ အင်ဂျင်နီယာ စတဲ အသက်မွေးဝမ်းကျောင်းတက္ကသိုလ်တွေကို တတ်ခွင့်မပြုပါဘူး။ သူတို့ဟာ ရိုးရိုးမေဂျာဘာသာရပ်တွေကိုပဲ သင်ယူခွင့်ရှိတယ်။ ကျွန်တော်တို့မိဘတွေရော၊ ကျွန်တော်တို့မောင်နှမတွေက မြန်မာနိုင်ငံမှာ မွေးဖွားကြီးပြင်းလာကြတာပါ။ ဒါပေမယ့်ကျွန်တော်တို့ကို အစိုးရက နိုင်ငံခြားသားလို့ပဲ သတ်မှတ်ပြီး နိုင်ငံသားမသတ်မှတ်ခဲ့ပါဘူး။ သူဟာဆေးတက္ကသိုလ်မတတ်ရတာကြောင့် ရန်ကုန် ၀ိဇ္ဖာနဲ့သိပ္ပံတက္ကသိုလ်မှာ ဓာတုဗေဒဘာသာရပ်ကို ပြောင်းလဲသင်ယူခဲ့တယ်။
ရန်ကုန်ဝိဇ္ဇာနဲ့သိပ္ပံ တက္ကသိုလ်ကနေ ၁၉၈၇ ခုနှစ်မှာ ဓာတုဗေဒဘာသာနဲ့ ဘွဲ့ရခဲ့တယ်။ဘွဲ့ရပြီး မကြာခင်မှာ သူဟာထိုင်ဝမ်နိုင်ငံက တက္ကသိုလ်တစ်ခုကို ကျောင်းတက်ခွင့်ရဖို့ လျှောက်လိုက်တယ်။ တက်ရောက်ခွင့်ရသလို ပညာသင်စကောလာရှစ်ဆိုကို ရခဲ့ပါတယ်။ ဒါကြောင့်သူဟာထိုင်ဝမ်ကိုသွားပြီး ကျောင်းသွားတတ်တယ်။ ဒါပေမယ့်သူဟာ ပထမနှစ်မှာပဲကျောင်းထွက်လိုက်ရတယ်။ ဘာလို့ဆိုတော့သူဟာ တရုတ်စာမှာအားနည်းတာကြောင့် စာမလိုက်နိုင်လို့ပါ။မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ဖို့ အဆင်မပြေတာမို့လို့ မြန်မာနိုင်ငံကိုမပြန်တော့ပဲ ထိုင်ဝမ်ကနေ အမေရိကန်ဝင်ခွင့်ဗီဇာလျှောက်လိုက်တယ်။ ဗီဇာကျလာတဲ့အခါ အမေရိကန်ကိုသွားဖို့ လေယာဉ်စရိတ်မလောက်လို့ သူ့မိဘတွေရဲ့သူငယ်ချင်းတွေဆီကနေပြီးတော့ ပိုက်ဆံချေးပြီး လေယာဉ်လက်မှတ်ဖိုးဝယ်လိုယ်။ ၁၉၈၉ ခုနှစ် သူ့အသက် ၂၂ နှစ်မှာ အမေရိကန်နိုင်ငံ လော့စ်အိန်ဂျယ်လိစ့်မြို့ကိုထွက်လာခဲတယ်။ သူ့အိပ်ကပ်ထဲမှာ အမေရိကန် ၁၃ ဒေါ်လာပဲရှိပြီး အမေရိကန်မှာလည်း အသိမိတ်တွေတစ်ယောက်မှ မရှိပါဘူး။ ဘာလုပ်စားလို့ ဘာဖြစ်မယ်ဆိုတာမသိပေမယ့် သူ့စိတ်ထဲမှာတော့ ဘ၀မှာ မစွန့်စားရင် အောင်မြင်မှုမရှိဘူးလို့ ဆံဖြတ်ချက်ချထားတယ်။
အမေရိကန်နိုင်ငံရောက်တော့ ပတ်စပို့စ်ထဲက သူ့နာမည် မောင်ဖုန်းလွင်ဟာ အမေရိကန်တွေရဲ့ ထုံးစံအတိုင်း ဖုန်းလွင်မောင်ဖြစ်သွားပြီး အမေရိကန်လူမျိုးတွေခေါ်ရခက်မှာဆိုးလို့ သူကိုယ်သူ ဖိလစ်မောင် လို့နာမည်ပေးခဲ့တယ်။ ရောက်ခါစကတော့ အသိမိတ်ဆွေမရှိဘူး။ သိပ်မကြာခင်မှာ ရန်ကုန်ဆေးတက္ကသိုလ်မှာ တတ်ခဲ့စဉ်အခါတုန်းက သိကျွမ်းခင်မင်ခဲ့တဲ့သူငယ်ချင်းတစ်ယောက်နဲ့ အဆက်အသွယ်ရလိုက်တယ်။ အဲဒီလူဟာ လော့စ်အိန်ဂျယ်လိစ့် တက္ကသိုလ်မှာကျောင်းတတ်နေတာပါ။ သူကနေစရာမရှိတော့သနားပြီး သူ့အခန်းဆောင်မှာ ခေါက်ကုတင်လေးနဲ့ အိပ်ခိုင်းတယ်။ ဒါပေမယ့် တခြားအခန်းဖော်တွေက အခန်းထဲမှာလူပိုတစ်ယောက်လာနေတာကို မကြိုကလို့ ဖိလစ်ကိုမောင်းထုတ်လိုက်ကြတယ်။ ဒါကြောင့်ဖိလစ်ဟာညပိုင်းမှာ တစ်ပတ်လောက် သူငယ်ချင်းကားထဲမှာအိပ်ခဲ့ရတယ်။ အဲ့အချိန်ဟာသူ့ဘ၀မှာ အခက်အခဲဆုံးအချိန်ပါလို့ ပြောပြတယ်။ ဒါပေမယ့် သူဟယအခက်အခဲတွေကို ကြံကြံခိုင်ရင်ဆိုင်ဖို့ စိတ်ဆုံးဖြတ်ထားတယ်။ မကြာခင်မှာသူက အထည်ချုပ်တဲ့အလုပ်တစ်ခုမှာ အ၀တ်အစားထုတ်တွေအတင်အချလုပ်ပေးရတဲ့ အလုပ်လုပ်ရလို့ အခန်းကျဉ်းလေးထဲမှာ ငှားနေလိုက်တယ်။ နောက်ပိုင်းတော့ ညပိုင်းမှာ ဓာတ်ဆီဆိုင်မှာဆီဖြည့် ကားရေဆေးအလုပ်လုပ်လိုက်တယ်။ ညပိုင်းအလုပ်လုပ်တော့ နေ့ခင်းပိုင်းမှာသူ့အတွက် အင်္ဂလိပ်စာလုပ်ဖို့ အချိန်တော်တော်ရခဲ့ပါတယ်။ သူဟာစာအုပ်တွေကို ရသလောက်ဖတ်တယ်။ယခုလက်ရှိ အမေရိကန်သမ္မတ ဒေါ်နယ်ထရယ့် အကြောင်းနဲ့ သူ့၇ဲ့အိမ်မြေလုပ်ငန်းတွေကနေ ကြီးပွားချမ်းသာတဲ့အကြောင်းတွေကိုအားကျလာတယ်။ လော့စ်အိန်ဂျယ်လိစ့် က အိမ်လှလှလေးတွေ၊ တိုက်ခန်းတွေကိုကြည့်ရင်း တစ်နေ့ကျအဲ့လိုအိမ်မျိုးမှာနေနိုင်ရမယ်လို့ သူစိတ်ကူးမိတယ်။ ဒါကြောင့်အိမ်ခြံမြေ အိမ်ခြံမြေ၀ယ်ရောင်းလုပ်ရင်ကောင်းမလားလို့စိတ်ကူးမိတယ်။ အိမ်ခြံမြေရောင်းဝယ်ရေးသင်တန်းသွားတတ်တယ်။ လိုင်စင်ရလို့ တကယ်လည်းအလုပ်လုပ်တော့ စိတ်မပါတော့ဘူး။ အဲဒီလိုဖြစ်သွားတာက သူ့မှာအရောင်းအ၀ယ်လုပ်ဖို့အသိမိတ်ဆွေမရှိတာရယ်၊ အင်္ဂလိပ်စာကို သွက်သွက်မပြောတတ်တာရယ်ကြောင့် နောက်တစ်ချက်ကလဲ ဒီလုပ်ငန်းနဲ့ သူကြီးပွားမှာမဟုတ်ဘူးဆိုတာ သူ့စိတ်ထဲကအလိုလိုသိနေတယ်။ အဲဒီအချိန်မှာ ၁၉၉၁ ခုနှစ်မှာ အမေရိကန်နိုင်ငံရဲ့ စီးပွားရေးကျနေတာကြောင့် လူတွေဟာ အိမ်တွေ၊မြေတွေ ၀ယ်ဖို့စိတ်မ၀င်စားကြဘူး။
သူဘာကိုစိတ်ဝင်စားလည်းဆိုတာ ခေါင်းအေးအေးထားပြီးစဉ်းစားတယ်။ အဲဒီမှာ သူလုပ်ချင်တယ်ဆိုတာ အစားအသောက်ရောင်းတဲ့အလုပ်ဆိုတာသိလိုက်တယ်။ ဒါပေမယ့်သူဟာ တစ်ခါမှ အစားအသောက်ရောင်းတာမျိုး မလုပ်ဖူးဘူး။ သူ့အဖေရဲ့ဝက်ခေါက်လုပ်ငန်းမှာ ၀င်ရောက်ကူညီပေးတာမျိုးပဲရှိတယ်။ အစားအသောက်ရောင်းဖို့ဒီအချိန်ဟာ အခွင့်အရေးပဲလို့သူတွေးတယ်။ အမေရိကန်လူမျိုးတွေဟာ အစားအရမ်းစားတဲ့လူတွေဖြစ်တာကြောင့် အစားအသောက်လုပ်ငန်းဟာ ဘယ်လိုမှအရှုံးမထွက်နိုင်ဘူးဆိုတာ သူတွက်မိနေတယ်။ အမေရိကန်နိုင်ငံမှာ ဆူရှီဆိုင်တွေ တစ်နေ့တစ်ခြားများလာတာရယ် အမေရိကန်လူမျိုးတွေဟာ ဆူရှီကိုနှစ်ခြိုက်စွာ စားနေကြတာကို သူသတိထားမိလာတယ်။ ဆူရှီဆိုင်ဖွင့်ပြီးရောင်းဖို့စိတ်ကူးလိုက်တယ်။
ဒါပေမယ့်သူဟာ ဆူရှီမစားဖူးဘူး။ ဒါကြောင့်ဆိုင်တစ်ဆိုင်ကိုသွားပြီး ဆူရှီစားကြည့်တယ်။ ဆူရှီအရသာကိုကြိုက်သွားသလို ဆူရှီဆိုင်ရဲ့အပြင်အဆင်ကိုလည်းကြိုက်သွားတယ်။ အ၀တ်အထည်နဲ့လူသုံးကုန်ပစ္စည်းတွေရောင်းတဲ့ ကုန်တိုင်ကြီးတွေရဲ့စားသောက်ဆိုင်တွေမှာ ဆူရှီဆိုင်ဖွင့်ရင် ဆိုင်ခန်းကသက်သာမယ်။ ဆိုင်ခန်းခသက်သာရင် အရင်းအနှီးသိပ်မလိုဘူး။ အောင်မြင်ရင် ဆက်တိုးချဲ့ဖွင့်မယ်။ ဒါပေမယ့်အကောင်အထည်ဖော်ဖို့ဆူရှီကိုဘယ်လို အစာလုပ်ရမယ်ဆိုတာကိုသူမသိဘူး။ ဆူရှီဆိုင်အပြင်အဆင်ကို ဘယ်လိုလုပ်ရမလဲလည်းသူမသိဘူး။ ဒါပေမယ့် စိတ်အားထက်သန်နေတဲ့ ဖိလစ်ဟ လိုရင်ကြံဆ နည်းလမ်းရ ဆိုတဲ့ ဆောင်ပုဒ်တိုင်း နည်းလမ်းရှာပါတယ်။
ဂျပန်နိုင်ငံမှာဆိုရင် ဆူရှီလုပ်နိုင်တဲ့ စာဖို့မှူးတစ်ယောက်ဖြစ်ဖို့အတွက်နှစ်ပေါင်းများစွာ သင်ယူလေ့ကျင့်ရတယ်။ ထမင်းချင်တာနဲ့ အသီးအရွက်လှီးတာကိုပဲ နှစ်နဲ့ချီလေ့ကျင့်၇တယ်။ ဖိလစ်အတွက် ဒီလောက်အများကြီး အချိန်ယူ မသင်ချင်ဘူး။ဒါကြောင့်သူဟာ မြန်မြန်တတ်မဲ့နည်းလမ်းကိုရှာတယ်။ သူဟာအမေရိကန်နိုင်ငံမြို့တစ်ချို့မှာ AFC ဆူရှီဆိုင်တွေ ဖွင့်ထားတဲ့သူဌေးကြီး ရန်ချိုကို သွားတွေ့ပြီး သူနေထိုင်တဲ့ လော့စ်အိန်ဂျယ်လိစ့်မြို့မှာ ဆူရှီဆိုင်ဖွင့်ခွင့်တောင်းတယ်။ ရတဲ့အမြတ်ကို ခွဲဝေပေးမယ်ပေါ့။
သူက ရန်ချိုကိုကျွန်တော်အခုဆိုင်အနောက်ဘက မီးဖိုကနေ လိုအပ်တာအကုန်လုပပေးပါ့မယ်။ လုပ်ခပေးစရာမလိုပါဘူး။ ဆူရှီလုပ်နည်းတတ်ဖို့ အချိန်တစ်ပတ်ပဲပေးပါ။ တစ်ပတ်အတွင်းကျွန်တော်တတ်အောင် လုပ်ပါ့မယ်။
လို့ပြောတယ်။သူဌေးကြီးကည်းသူ့ရဲ့စိတ်အားထက်သန်မှုကို သဘောကျပြီး ဆူရှီဆိုင်ဖွင့်ခွင့်ပေးလိုက်တယ်။ အဲ့ဒီ တစ်ပတ်အတွင်းဟာ ဖိလစ်ဟာ ရသလောက်အပြင်းအထန်လေ့လာတယ်။ နေ့မအိပ်၊ညမနာ. လေ့လာတယ်။ အရမ်းကိုပင်ပန်းတယ်။ ဒါပေမယ့် ငယ်ရွယ်စဉ်အခါက ၀က်ခေါက်ဝင်မွှေးကို တစ်မွှေးချင်းဆီနှုတ်ရတာလောက် မပင်ပန်ဘူးလို့ ပြောရင်းစိတ်ဖြေတယ်။သူကကျွန်တော်အဓိကလေ့လာတာက လာစားသူတွေကို ဘယ်လိုဆက်ဆံတယ်။ ဘယ်လို ၀န်ဆောင်မှုပေးတယ်ဆိုတာကိုပါ။ လုပ်ငန်းဆိုတာတကယ်တော့ ပစ္စည်းရောင်းခြင်းထက် ၀န်ဆောင်မှုပေးတာ ပိုအဓိကကျတယ်ဒီစကားက လုပ်ငန်းလုပ်နေသူတွေအတွက် မှတ်သားစရာပါ။
လအနည်းငယ်အကြာမှာ ဖလော်ရီဒါးပြည်နယ်၊ အော်လန်ဒိုမြို့မှာ AFC လက်အောက်ခံ ဆူရှီဆိုင်စဖွင့်တယ်။ တဖြည်းဖြည်းနဲ့သူဟာ လုပ်ငန်းကျွန်းကျင်သူ သူဌေးတစ်ချို့နဲ့ရင်းနှီးလာတယ်။ အဲဒီလူတွေက သူ့ကို ဆူရှီဆိုင်ဖွင့်ဖို့တိုက်တွန်းတယ်။ သူတို့လည်းအစုငွေထည့်ဝင်ကျမယ်ပေါ့။ ဒါပေမယ့်သူဌေးတွေအချင်းချင်း အစုငွေထည့်ဝေမယ့်ကိစ္စမှာ သဘောတူညီမှုမရတာကြောင့် ဆူရှီဆိုင်ဖွင့်မယ့်ကိစ္စ အစီအစဉ်ပျက်သွားတယ်။ ဒါကြောင့်ဖိလစ်ဟာ သူ့ဘာသူဆိုင်ဖွင့်ဖို့ငွေအရင်းအနှီးရအောင် ဘဏ်တွေမှာလိုက်ချီးတယ်။ ဒါပေမယ့် ဘင်္ဏ်တွေဟာ ချေးဖို့နေနေသာသာ လက်ခံပြီးတောင် စကားမပြောဘူး။ သူ့မှာ ဘဏ်တွေကိုပေါင်ထားစရာ အိမ်လည်းမရှိ၊ ကိုယ်ပိုင်လုပ်ငန်းလုပ်ခဲ့ဖူးတယ်ဆိုတဲ့ အထောက်အထားလည်းပြစရာမရှိဘူး။ သူလဲ မသက်သာတော့ AFC သူဌေးကြီဆီမှာ ဆိုင်ပြန်ဖွင့်ခွင့်တောင်းတော့ ချားလော့နယ်မြေမှာ AFC ဆူရှီဆိုင်ဖွင့်ခွင့်ရတယ်။ ဖိလစ်လည်း အခြေအနေ မပေးသေးတော့ မူလအလုပ်ရှင်ဆီ ပြန်ပြေးကပ်ရတာပေါ့။
နောက် ၂ နှစ်အကြော ၁၉၉၈ ခုနှစ်မှာ ဖိလစ်ဟာ ဆူရှီအစာ ရောင်းချတဲ့ လုပ်ငန်းကိုကြွမ်းကျင်လာပြီမို့ AFC နဲ့ လမ်းခွဲခဲ့တယ်။ ဒီတစ်ခါတော့ သူတကယ်လမ်းခွဲလိုက်တာပါ။ ကိုယ်ပိုင်ဆူရှီဆိုင်ကို မဖြစ်ဖြစ်အောင်ဖွင့်မယ်ဆိုပြီး ခိုင်ခိုင်မာမာဆုံးဖြတ်ချက်ချခဲ့တယ်။ ဒီတစ်ခါလဲဘဏ်တွေဆီမှာပိုက်ဆံလိုက်ချီးတာမရပါဘူး။ သူစုထားတဲ့ ပိုက်ဆံလေးနည်းနည်းရယ် မိသားစုရဲ့အကျွေးဝယ် ကဒ်တွေနဲ့ အတိုးအကြီးကြီးပေးပြီး ပိုက်ဆံချီးပီးနောက်ဆုံးမှာတော့ ဆူရှီဆိုင်လေးဖွင့်နိုင်ခဲ့တယ်။ ဆိုင်နာမည်ကို Hissho Sushi(ဟီရှိုဆူရှီလို့) လို့ နာမည်ပေးလိုက်တယ်။ ဂျပန်လိုဆို ကျိန်းသေပေါက်အောင်မြင်မှုလို့ အနက်အဓိပ္ပာယ်ရတယ်။ အခုသူ့ဘေးမှာ လက်တွဲလုပ်မဲ့ ပါတနာတစ်ယောက်ရှိနေပါပြီ။ နူးယောက်မြို့သင်္ကြန်ပွဲမှာ ဆုံတွေ့ချစ်ကြိုက်ပြီး လက်ထပ်လိုက်တဲ့ သူ့မိန်းမ Kristina Tong ပါ။ မြန်မာအမျိုးသမီးပါပဲ။ ဆူရှီဆိုင်တွေကိုဖွင့်ဖို့ Lwin Family ဆိုတဲ့နာမည်နဲ့ ကုမ္ပဏီထောင်လိုက်တယ်။ ချားလော့နယ်မြေမှာ ပထမဆုံးဖွင့်လိုက်တဲ့ ဟီရှိုဆူရှီ ဆိုင်ဟာ အရမ်းရောင်းကောင်းလာတယ်။ ဒါကြောင့်ဆိုင်သစ်တွေကို တိုးချဲ့ဖွင့်လာရတယ်။ ဆိုင်ဖွင့်ပြီး ၁၀ နှစ်တာကာလအတွင်းမှာ ဆိုင်တွေအများဖွင့်နေရလို့ ၀န်ထမ်းတွေလည်းအများကြီးခန့်ရတယ်။ အမေရိကန်နိုငငံရဲ့ ပြည်နယ်ပေါင်း ၄၀ ဆယ်က ကုန်တိုက်တွေ၊ လေဆိပ်တွေ၊ ဆေးရုံကြီးတွေ၊ တက္ကသိုလ်တွေ၊ စစ်တပ်တွေမှာ ဆူရှီဆိုင်ပေါင်း ၇၀၀ ကျော်ဖွင့်လှစ်နိုင်ခဲ့တယ်။ ၂၀၀၈ ခုနှစ်မှာ အမေရိကန်နိုင်ငံ စီးပွားရေးကျဆင်းနေလို့ အလုပ်လက်မဲ့များနေတဲ့ကာလမှာ အလုပ်ပေးနိုင်ခဲ့လို့ပါပဲ။ ဒီအတွက်ကြောင့်လည်း ၂၀၁၁ ခုနှစ်မှာ အမေရိကန်သမ္မတ အိုဘားမားက အိမ်ဖြူတော်ကိုဖိတ်ပြီး ဂုဏ်ပြုတဲ့အခမ်းအနားကိုတတ်ရောက်ရတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေထဲမှာ ဖိလစ်တစ်ယောက်ပါဝင်ခဲ့ရသလို သူဟာသမ္မတကတော်ထိုင်တဲ့ ရှေ့ဆုံးတန်းက ထိုင်ခုံနေရာမှာ ထိုင်ခွင့်ရပါတယ်။
သူ့လုပ်ငန်းတွေ ဘာကြောင့်ဒီလောက်အောင်မြင်လဲလို့မေးတော့ ဒီလိုပြန်ဖြေခဲ့တယ်။

G Shock နာရီများကို ရောင်းချပြီး ချမ်းသာသွားသူ

လယ်သမားတစ်ယောက်ရဲ့သားလေးဟာ တောရွာလေးတစ်ရွာကနေ မြို့ပေါ်ရောက်လာတယ်။ အဖေက ဒုက္ခဆင်းရဲခံပြီး ကျောင်းထားပေးခဲ့လို့ ပညာကိုကြိုးစားသင်တယ်။ အထက်တန်းအောင်ပြီးအလုပ်လုပ်နေတုန်းမှာ တီဘီရောဂါဖြစ်လို့ ဂျပန်စစ်တပ်ထဲဝင်ခွင့်မရဘူး။ စစ်တပ်ထဲ မ၀င်ရလို့ဒုတိယကမ္ဘာစစ်ကြီးအတွက်ပြင်ဆင်နေတဲ့ ဂျပန်နိုင်ငံကို စီးပွားရေးနဲ့ တစ်ဖက်တစ်လမ်းက ကူညီဖို့ လမ်းစရှာတယ်။ ကိုယ်ပိုင်စက်ရုံလေးတစ်ရုံကိုအိမ်ဘေးမှာ အဖီလေးချပြီး ထူထောင်လိုက်တယ်။ နောက်တော့ လျှပ်စစ်ဂဏန်း ပေါင်းစပ်ကိုတီထွင်တယ်။ နောက်ပိုင်းမှာ အီလက်ထရောနစ် ပစ္စည်းအများအပြားကို တီထွင်ထုတ်လုပ်ပြီး ကမ္ဘာကိုတင်ပို့ဖြန့်ချီတယ်။ ကမ္ဘာကလေးစားရတဲ့ အင်ဂျီနီယာ၊ တီထွင်ပညာရှင်၊ စီးပွားရေးလုပ်ငန်းရှင်ကြီး ဖြစ်လာခဲ့တယ်။သူ့နာမည်က တာဒါအိုကာရှီယို (Tadao Kashio)ပါ။ Casio Coumpter Company ကိုတည်ထောင်ခဲ့သူပါ။
တာဒါအိုကို ၁၉၁၇ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့က ဂျပန်နိုင်ငံ ကူရေးတမူရာမြို့( အခု နန်ကိုကုမြို့ခေါ်) အနားက တောရွာလေးတစ်ရွာမှာမွေးဖွားခဲ့တယ်။ သူ့မှာညီအစ်ကိုသုံးယောက်ရှိပြီး သူက ဒုတိယမြောက်သားပါ။ အဖေက ရှိဂျဲကာရှီယိုနဲ့ အမေက ကီယိုနိုကာရှီယို ဖြစ်ပါတယ်။ သူတို့ဟာ လယ်သမားတွေဖြစ်ကျလို့ မိသားစုဝင်ငွေဟာ စားလောက်သောက်လောက်ရုံပါပဲ။
၁၉၂၃ ခုနှစ်ဂျပန်နိုင်ငံမှာ မြေငလျင်အကြီးစားတစ်ခု လှုပ်သွားခဲ့တယ်။ ဂျပန်နိုင်ငံရဲ့မြို့တော် တိုကျိုမြို့မှာ အဆောက်အဦးတွေအမြားအပြားပျိုလဲပျက်စီးကျကုန်ပြီး လူပေါင်းတစ်သိန်းကျော် သေဆုံးသွားခဲ့ကြတယ်။ တိုကျိုမြို့မှာ အလုပ်လုပ်နေတဲ့ တာဒါအိုရဲ့ ဦးလေးတစ်ယောက်က တိုကျိုမှာ အဆောက်အဦးအသစ်တွေပြန်ဆောင်နေကြလို့ ဆောက်လုပ်ရေးသမားတွေ အရမ်းလိုနေတယ်၊ လုပ်ခကောင်းတယ်လို့ လှမ်းအကြောင်းကြားတာနဲ့ တာဒါအိုရဲ့အဖေနဲ့ အမေဟာရှိတဲ့ပစ္စည်းတွေကိုထုတ်ပိုးပြီး ကလေးသုံးယောက်နဲ့အတူ တိုကျိုမြို့ကိုထွက်ခွာသွားကြတယ်။ သူတို့ဟာလယ်စိုက်၇တာထက် ဆောက်လုပ်ရေးအလုပ်ဟာ ပိုသက်သာမယ်၊ ၀င်ငွေလည်းပိုကောင်းမယ်၊ ကလေးတွေကိုလည်း ပညာကောင်းကောင်းသင်ပေးနိုင်မယ်လို့ထင်ပြီး သွားကြတာပါ။
တိုကျိုမြို့ရောက်ပြီး ရက်အနည်းငယ်အကြာမှာပဲ သူတို့အထင်နဲ့လက်တွေ့ကွာခြားနေတာကိုတွေ့ရတယ်။ တာဒါအိုရဲ့အဖေ ရှိဂျဲရုဟာ ဆောက်လုပ်ရေးလုပ်ငန်းမှာ အလုပ်တော့ရပါတယ်။ ဒါပေမယ့် ရတဲ့လစာက အရမ်းနည်းလွန်းလို့ မိသားစု စားမလောက်ရှာဘူး။ ရှိဂျဲရုဟာ ကျောင်းနေချင်လို့ပူဆာနေတဲ့ သားခတ် တာဒါအိုကိုကျောင်းထားပေးဖို့အလုပ်သွား အလုပ်ပြန်ခရီးစရိတ်ကိုချွေတာလိုက်တယ်။ စီးနေကျဘက်စ်ကားကို မစီးတော့ပဲ ခြေချင်လမ်းလျောက်တယ်။ အလုပ်ကိုအသွားအပြန်လမ်းလျှောက်တာ နေ့တိုင်း ၅ နာရီလောက်အချိန်ကြာတယ်။ အခုလို ဒုက္ခခံပြီး သူ့ကိုကျောင်းထားပေးတဲ့အဖေ့ကို စိတ်ချမ်းသာစေဖို့ တာဒါအိုဟာ စာကိုအရမ်းကြိုးစားတယ်။
ဒီလိုနဲ့တာဒါအိုဟာ ၁၉၂၉ ခုနှစ်မှာ အလယ်တန်းအောင်ပြီး ၁၉၃၁ ခုနှစ်မှာ အထက်တန်းစာမေးပွဲကို ထိပ်ဆုံးအဆင့်ကနေ အောင်မြင်ခဲ့တယ်။ ကျောင်းပြီးပြီးချင်းမှာပဲ သူက ဓာတ်ဆီ၊ စက်ဆီပုံးအခွံတွေကို အရည်ကျိုပြီး သံပြားလုပ်တဲ့စက်ရုံတစ်ခုမှာ အလုပ်လုပ်တယ်။ မကြာခင်မှာအလုပ်ပြောင်းပြီး စစ်သားတွေကိုချီးမြှင့်တဲ့ ဆုတံဆိပ်လုပ်တဲ့ စက်ရုံတစ်ခုမှာ သာမန်အလုပ်သမားအဖြစ်ဝင်လုပ်ပြန်တယ်။ သူ့ရဲ့ အလုပ်ကြိုးစားမှုနဲ့အထက်အတန်းအောင်ထားတဲ့ ပညာအရည်အချင်းကိုသိသွားတဲ့ စက်ရုံမန်နေဂျာက သူ့ကိုအီနိုမိုတို စက်ရုံက တွင်ခုံစက်ဆရာတစ်ယောက်ရဲ့လက်အောက်မှာ အလုပ်သွားလုပ်ခိုင်းလိုက်တယ်။ တာဒါအိုဟာ အာ့စက်ရုံမှာအလုပ်စတင်လုပ်တဲ့နေ့ကစပြီး နေ့တိုင်းမနက်အစောကြီးရောက်ပြီး အလုပ်မစခင်မှာ တွင်ခုံစက်ကို သန့်ရှင်းရေးလုပ်တယ်။ ညနေသိမ်းချိန်မှာ အိမ်မပြန်သေးဘဲ စက်ကိုအသေအချာသန့်ရှင်းရေးလုပ်ပြန်တယ်။ အလုပ်ပြီးချိန်မှာ တစ်နေ့တာသူ့ဆရာ ပညာသင်ပေးသမျှကို သူ့မှတ်စုစာအုပ်မှာ ရေးမှတ်တယ်။ ညအတော်မိုးချုပ်မှ အိမ်ကိုပြန်တယ်။ တာဒါအိုရဲ့ကြိုးစားမှုကိုမြင်တွေ့ပြီးသဘောကျသွားတဲ့ စက်ရုံပိုင်ရှင်က သူရဲ့ဝါဆဲဒအလုပ်သမားသင်တန်းကျောင်း( ယခုဝါဆဲဒ တက္ကသိုလ် Waseda University)မှာ စက်မှုပညာကို ကျွမ်းကျွမ်းကျင်ကျင် တက်အောင် နေ့ခင်းပိုင်းမှာ ကျောင်းတတ်ခိုင်းလိုက်တယ်။ စက်ရုံအလုပ်ကလဲ ထွက်စရာမလိုဘူးလို့ပြောတယ်။
တာဒါအိုဟာ ၀ါဆဲဒသင်တန်းကျောင်းက ကျောင်းဆင်းတော့ ရေဒီယိုမှာသုံးတဲ့ မီးလုံး(Radio Bulb) ထုတ်တဲ့စက်ရုံတစ်ခုမှာ အလုပ်ဝင်လုပ်တယ်။ သူဟာစက်ရုံမှာနေ့ရောညပါ ကြိုးစားပြီးအလုပ်လုပ်လွန်းလို့ အစားမမှန်၊ အအိပ်မမှန်တတ်တာကြောင် နေမကောင်းဖြစ်ပြီး အိပ်ယာထဲ ဗုန်းဗုန်းလဲသွားတယ်။ ဆေးရုံတက်ရတယ်။ ဆေးစစ်လိုက်တော့သူ့မှာ တီဗီရောဂါရှိနေတယ်တဲ့။ တီဘီရောဂါကြောင်းသူဟာ ဂျပန်စစ်တပ်မှာ အမှုထမ်းခွင့်မရတော့ဘူး။ အဲ့ခေတ်က ဂျပန်မှာစစ်မှုမထန်းတဲ့အမျိုးသားတွေဟာ ဂျပန်လူမျိုးတွေရဲ့ ကဲ့ရဲ့ရှုတ်ချမှုကို ခံကြ၇တယ်။ ဒါကြောင့်လည်း တာဒါအိုဟာနှစ်ပေါင်းအတော်ကြာအထိ ရှေ့ကလမ်းလျှောက်လာတဲ့ ဂျပန်စစ်သားတစ်ယောက်ကိုတောင် စေ့စေ့မကြည့်ရဲဘဲ အမြဲ မျက်နှာလွှဲသွားတတ်တယ်။
သူဟာစစ်တပ်ထဲမ၀င်ရလို့စိတ်ပျက်သွားပေမဲ့ ဒုတိယကမ္ဘာစစ်ကြီးအတွက်ပြင်ဆင်နေတဲ့ ဂျပန်ကိုတစ်ဖက်တစ်လှမ်းက ကူညီဖို့ လမ်းစရှာတယ်။ အမြောက်ကျည်ဆံထုတ်တဲ့စက်ရုံတစ်ခုမှာ အလုပ်ဝင်လုပ်တယ်။ မကြာခင်မှာပဲ အလုပ်ကထွက်လိုက်တယ်။ ထွက်လိုက်ရတဲ့ အကြောင်းအရင်းကအပေါ်က ညွှန်ကြားတဲ့အတိုင်းလုပ်နေရတာကို စိတ်ပျက်လာလို့ပါ။ နောက်ပြီးစက်ရုံမှာ သူတီထွင်ချင်တာတွေလုပ်နိုင်ဖို့ ကိုယ်ပိုင်စက်ရုံတစ်ခုထူထောင်ဖို့စိတ်ကူးလိုက်တယ်။
၁၉၄၂ ခုနှစ်မှာ စတင်ဖြစ်ပွားခဲ့တဲ့ ဒုတိယကမ္ဘာစစ်ကြီးအတွင်းမှာ တာဒါအိုဟာ ဂျပန်စစ်လောယာဉ်ရဲ့ ပစ္စည်းအစိပ်အပိုင်းတွေကိုထုတ်တဲ့ စက်ရုံသေးသေးလေးတစ်ခုထောင်လိုက်တယ်။ စက်ရုံလို့သာပြောတာ သူ့အိမ်ဘေးက မြေကွက်လပ်လေးမှာ အဖီထုတ်ပြီး အရင်လုပ်လာခဲ့တဲ့ အီနိုမိုတိုစက်ရုံက ၀ယ်လိုက်တဲ့ တွင်ခုံအဟောင်းလေးတစ်လုံးနဲ့ ပစ္စည်းထုတ်နေတာပါ။ အရင်စက်ရုံတွေမှာ လုပ်ခဲ့စဉ်က ရင်းနှီးခဲ့တဲ့လုပ်ငန်းရှင်တွေက အလုပ်လာအပ်ကြလို့ သူ့စက်ရုံလေးဟာ ၀င်ငွေပုံမှန်လေးရလေပါတယ်။ နောက်တော့ဘဏ်က ငွေချေးယူပြီး တွင်ခုံအသစ်တွေဝယ်ယူလိုက်တယ်။ အလုပ်သမားတွေထပ်ခန့်တယ်။စစ်လေယာဉ်အစိတ်အပိုင်းတွေမှန်မှန်ထုတ်ပေးနေရင်း ၀င်ငွေကောင်းလာတဲ့ တာဒါအိုဟာ ၁၉၄၃ ခုနှစ်မှာ သူ့အမေပေးစားတဲ့ မိန်းမနဲ့လက်ထပ်လိုက်ပါတယ်။ဘဏ်ကနေချေးထားတဲ့ ပိုက်ဆံတွေကိုလည်းမကြာခင်မှာအားလုံးပြန်ဆပ်နိုင်ခဲ့တယ်။ တာဒါအိုအတွက် ဆုရောလာဘ်ကောဝင်တဲ့နှစ်ပဲ။
၁၉၄၅ ခုနှစ်မှာ ဒုတိယကမ္ဘာစစ်ကြီး ပြီးသွားပြီ။ စစ်အတွင်းမှာ သူတို့နေတဲ့အိမ်နဲ့ စက်ရုံဟာ အမေရိကန်စစ်လေယာဉ်တွေရဲ့ ဗုံးကြဲချတာ ခံလိုက်ရလို့ လုံးဝပျက်စီးသွားခဲ့တယ်။ စစ်ကြီးပြီးသွားတာမို့ စစ်လေယာဉ်အတွက် ပစ္စည်းမှာတာတွေမရှိတော့ဘူး။ ဒီအချိန်မှာ ဒန်နဲ့ပက်သတ်တဲ့ပစ္စည်းမျိုးစုံ ထုတ်လုပ်နိုင်တဲ့စက်ကြီးနဲ့ဆိုရင် အိမ်တွေမှာ လိုအပ်နေကြတဲ့ ပစ္စည်းမျိုးစုံကို ထုတ်ပေးနိုင်လိမ့်မယ်။ စစ်ပြီးစ ကာလဆိုတော့ အိမ်တိုင်းမှာ ဒီပစ္စည်းတွေလိုအပ်နေတာမို့ ဈေးသက်သက်သာသာနဲ့ရောင်းနိုင်ရင် ပစ္စည်းတွေအများကြီးရောင်းရမယ်လို့ တာဒါအိုကတွက်မိတယ်။
ဒါပေမယ့် စက်ကြီးကိုဝယ်ပြီးရင် သယ်ယူဖို့အခက်အခဲတွေ့နေတယ်။ စက်ကြီးဟာသူတို့နေတဲ့တိုကျိုမြို့ကနေ မိုင် ၂၀၀ ကွာဝေးတဲ့ မြို့လေးမှာ ရှိနေတယ်။ စက်ကြီးဟာ ပေါင်တစ်ထောင်(တန်ဝက်နီးပါး) လေးတယ်။ စစ်ပြီးစမို့ ရထား၊ကားလမ်းတွေပျက်နေလို့သယ်စရာ ရထား၊ကားတွေမရှိဘူး။ စက်ကြီးကိုဝယ်ပြီးရင် ဘယ်လိုသယ်ယူကျမလဲလို့သူတို့ သားအဖတွေတိုင်ပင်ကြတယ်။ တာဒါအိုရဲ့အဖေ ရှိဂျဲရုက သူ့အကြံတစ်ခုကိုပြောပြတယ်။ ဒီအကြံအတိုင်း သူတို့ရပ်ကွက်ထဲက ဘီးနှစ်ဘီးတပ် တွန်းလှည်းတစ်စီးကိုငှားလိုက်ပြီး ရှေ့မှာစက်ဘီးတစ်စီးကို တပ်ဆင်လိုက်ကျတယ်။ သားအဖသုံးယောက်ဟာ စက်ဘီးကို တစ်လှည့်စီနင်းကျရင်း အဲ့ဒီမြို့ကိုဆွဲသွားကြတယ်။ မြို့လေးကိုရောက်တော့စက်ကြီးကို လှည်းပေါ်တင် စက်ဘီးတစ်လှည့်စီနင်းပြီး အိမ်ကိုပြန်ဆွဲယူလာခဲ့ကျတယ်။ လမ်းမှာ သီတင်းအပတ်ပေါင်းများစွာ ကြာပြီးမှအိမ်ကို ပြန်ရောက်လာကြတယ်။ ထုတ်လုပ်တဲ့ပစ္စည်းတွေဟာ အရမ်းရောင်းရတယ်။ ၁၉၄၃ ခုနှစ်ဧပြီလမှာ တာဒါအိုတို့သားအဖဟာ ကာရှီယိုဆေဆာကုဂျို Kashio Seisakujo ဆိုတဲ့ ကုမ္ပဏီတစ်ခုကို ထောင်လိုက်ကြတယ်။ ဒီကုမ္ပဏီဟာနောင်တစ်ချိန်မှာ Casio Coumpter Companyဖြစ်လာပါတယ်။ Casio ဆိုတာ Kashio ကိုအသံထွက်ယူထားတာပါ။ ကာရှီယိုကုမ္ပဏီက စက်ပစ္စည်းမျိုးစုံထုတ်လုပ်တယ်။ မကြာခင်မှာပဲလုပ်ငန်းမှာ လျှပ်စစ်ပညာကျွမ်းကျင်သူ အရေးတကြီးလိုအပ်နေလို့ တာဒါအိုက အစိုးရဆက်သွယ်ရေး ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေတဲ့ သူ့ညီ တိုရှီအိုကို အလုပ်ထွက်ပြီး သူနဲ့လက်တွဲလုပ်ဖို့ခေါ်လိုက်တယ်။ သူ့ညီလဲ အလုပ်ထွက်ပြီးရောက်လာလို့ ညီအစ်ကိုနှစ်ယောက် ပစ္စည်းလေးတွေတီထွင်တယ်။ Yulia ခေါ်တဲ့ စီးကရက်တပ်လို့ရတဲ့ လက်စွပ်လေးတွေ၊ ဘီစကစ်မုန့်ဖုတ်တဲ့ စက်လေးတွေတီထွင်ကြတယ်။ အဲဒါတွေကို လူကြိုက်များပေမယ့် တာဒါအိုတို့ဟာ ဒီထက်ကြီးကျယ်တဲ့ ပစ္စည်းထုတ်ဖို့ အကြံထုတ်နေကျတယ်။
၁၉၄၉ ခုနှစ်မှာ တာဒါအိုဟာ တိုကျိုမြို့လယ် ဂင်ဇာရပ်ကွက်က ဟိုတယ်တစ်ခုမှာ ကျင်းပတဲ့စီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲတစ်ခုကို သွားတက်တယ်။ ဆွေးနွေးပွဲအပြီးမှာ ပြိုင်ပွဲလေးတစ်ခုလုပ်တယ်။ စင်မြင့်ပေါ်မှာအမေရိကန် လုပ်ဂဏန်းပေါင်းစက် (Calculator) ကိုင်ထားတဲ့ အမေရိကန်စစ်သားတစ်ယောက်နဲ့ ပေသီးဂဏန်းပေါင်းအမြန်ပြိုင်ပွဲပါ။ ပြိုင်ပွဲစတာနဲ့ စင်အောက်ကနေကြည့်ရှုနေကျတဲ့ ဂျပန်လူမျိုးတွေဟာ သူတို့ဂျပန်လူမျိုးပေသီးသမားကို အကြီးအကျယ်အော်ဟစ်အားပေးကြပေမဲ့လဲ ပြိုင်ပွဲအဆုံးမှာ အမေရိကန်ဂဏန်းပေါင်းစပ်သမားပဲနိုင်သွားခဲ့တယ်။ တာဒါအိုဟာ ဒီပြိုင်ပွဲကနေသင်ခန်းစာတစ်ခုရလိုက်တယ်။ အဲ့ဒါဟာဘယ်လောက်ပဲ အမျိုးသားစိတ်ဓာတ်ပြင်းထန်လွန်းလှပါစေ၊ ဘယ်လောက်ပဲသေအောင်ကြိုးစားနေပါစေ။ ဂျပန်ဟာအမေရိကန်ကို စက်မှုနည်းပညာကိုမယှဉ်နိုင်သေးဘူးဆိုတာပါပဲ။ နောက်ပြီးပြိုင်ပွဲမှာတွေ့လိုက်တဲ့ အမေရိကန်လုပ် ဂဏန်းပေါင်းစပ်ရဲ့ အားနည်းချက်ကိုသတိပြုမိလိုက်တယ်။ အဲ့ဒါတွေက ဂဏန်းပေါင်းစပ်တွေထဲမှာတပ်ဆင်ထားတဲ့ ပင်နီယံ၊ ဂီယာတွေကိုသတ္တုနဲ့လုပ်ထားလို့ စက်ဟာကြီးမားလေးလန်လွန်းနေတယ်။ ပြီး၇င်ဂဏန်းစပေါင်းတော့မယ်ဆိုရင် စက်ကိုသံပတ်တင်းလာအောင် လက်ကိုင် handle ကိုလဲ လက်နဲ့လှည့်ပေးရသေးတယ်။ အရမ်းလည်းဈေးကြီးလို့လူတိုင်းမ၀ယ်နိုင်ကျဘူး။ ဒါကြောင့်ဈေးသက်သာပြီး သေးငယ်တဲ့ လျှက်စစ်ဂဏန်းပေါင်းစက်ကို တီထွင်ဖို့အကြံသူခေါင်းထဲ ပေါ်လာတယ်။
၁၉၅၀ ပြည့်နှစ် ဇန်န၀ါရီလမှာ တာဒါအိုကလျှပ်စစ်ကျွမ်းကျင်တဲပ သူ့ညီ တိုရှီအိုကို လျှပ်စစ်ဂဏန်းပေါင်းစက်တစ်ခုကို တီထွင်ခိုင်းပြီး မိသားစုအားလုံးက ၀ိုင်းကူလုပ်ပေးကြတယ်။ သူတို့ဟာနေ့ခင်းပိုင်းမှာစားဖို့ ၀င်ငွေရအောင်ပုံမှန်ထုတ်နေကျ မီးဖိုချောင်သုံး ဒန်ပစ္စည်းတွေကို ထုတ်လုပ်ကြတယ်။ အလုပ်သိမ်းညစာစားပြီးမှ လျှပ်စစ်ဂဏန်းပေါင်းစက်ကို တီထွင်စမ်းသပ်တာတွေကို တစ်ညလုံးလုပ်ကြတယ်။ သူတို့မှာငွေအလုံအလောက်မရှိလို့ လျှပ်စစ်ကျွမ်းကျင်ပညာရှင်တွေကို အလုပ်မခန့်ထားနိုင်ကြဘူး။ ဒါကြောင့်လျှပ်စစ်နည်းပညာပိုင်းကို ညီဖြစ်သူ တိုရှိအို တစ်ယောက်ထဲကပဲ ဒိုင်ခံလုပ်ရတယ်။
နောက်ဆုံး ၁၉၅၄ ခုနှစ်မှာ လျှပ်စစ်ဂဏန်းပေါင်းစက် ရှေ့ပြေးပုံစံ(Prototype) ၆ ခုကို တီထွင်လိုက်နိုင်ပြီ။ ဂျပန်နိုင်ငံရဲ့ပထမဆုံးလျှပ်စစ်ဂဏန်ပေါင်းစက်တွေပါ။သူတို့ဟာစက်တွေကို အမျိုးမျိုးစမ်းသပ်ကြည့်ကြပြီးလို့ ကျေနပ်တာနဲ့ ဘွန်ရှင်ဒိုကော်ပိုရေးရှင်းများ သွားရောက်ပြသဖို့ ချိန်းဆိုလိုက်တယ်။ ဘွန်ရှင်ဒိုဆိုတာ ဂဏန်းပေါင်းစက်အပါအ၀င် ရုံးသုံးပစ္စည်းတွေကို အများကြီးရောင်းချနေတဲ့ ကုမ္ပဏီကြီးပါ။ ဘွန်ရှင်ဒိုက တာဒါအိုတို့ လာရောက်စမ်းသပ်ပြသတဲ့ ဂဏန်းပေါင်းစက်ကိုကြည့်ပြီးသူတို့စက်ဟာ ဂဏန်းတွေကို ဆက်တိုက်မြှောက်လို့မရဘူး။ တစ်ကြိမ်ကိုတစ်ခေါက်ပဲမြောက်နိုင်တယ်။ရတဲ့ အဖြေကိုစာရွက်ပေါ်မှာ ရေးမှတ်ထားပြီးမှ နောက်တစ်ကြိမ်ပြန်မြှောက်နေရလို့ အချိန်တွေကြန့်ကြာတယ်။ ဒါကြောင့်ဘိုရှင်ဒိုက ၀ယ်ဖို့ငြင်းလိုက်တယ်။ အခုလိုငြင်းလိုက်ပေမယ့် တာဒါအိုတို့ဟာ စိတ်ပျက်မသွားကြပါဘူး။ ဘဏ်ကနေ ငွေချေးပြီး သူတို့စက်ကို ပိုကောင်းအောင်လုပ်ကျတယ်။
တာဒါအိုတို့ဟာ သူတို့ဂဏန်းပေါင်းစပ်မှာ ဂဏန်းတွေကို ဆက်တိုက်မြှောက်လို့မရတဲ့ အားနည်းချက်ကို ပြုပြင်လိုက်နိုင်ပေမယ့် သတ္တုပ်နီယံ၊ ဂီယာတွေကိုသုံးထားတာမို့ စက်ဟာဂဏန်းတွက်ရင် ဆူညံနေသေးတယ်။ ဒါကြောင့်ပင်နီယံဂီယာတွေကို အသံမထွက်တဲ့ လျှပ်စစ်ရီလေး(relay) ပစ္စည်းတွေနဲ့ အစားထိုးလဲလိုက်တယ်။ ဂဏန်းပေါင်းစက်ရဲ့အရွယ်အစားဟာ အတော်လေးငယ်သွားသလို ဆူညံသံလည်းပျောက်သွားတယ်။
၁၉၅၆ ခုနှစ် နှစ်ကုန်ပိုင်းမှာ တာဒါအိုနဲ့ညီအစ်ကိုတွေဟာ သူတို့ဂဏန်းပေါင်းစက်ကို ကုမ္ပဏီတစ်ခုမှာ မိတ်ဆက်စမ်းသပ်ပြဖို့ ဆက်ပိုရိုမြို့ကို လေယာဉ်နဲ့ထွက်ခွာသွားကြတယ်။ လေဆိပ်ရောက်တော့ လုံခြုံရေးအရာရှိက စက်အတွင်းပိုင်း လုံခြုံရေးအရ စစ်ဆေးကြည့်ချင်တယ်ဆိုရင် စက်ရဲ့အပေါ်ပိုင်းကို ဖြုတ်ပြီးဖွင့်ပြပေးလိုက်ရတယ်။ သူတို့ပြသမဲ့ ကုမ္ပဏီကို ရောက်သွားတော စက်ရဲ့ဖြုတ်ထားတဲ့ အပေါ်မလုပ်တော့ဘူး။ သူတို့ညီအစ်ကိုတွေလဲ အမျိုးအမျိုးကြိုးပြင်ကြပေမယ့် စက်ကပြန်ကောင်းမလာတော့လို့ လက်လျှော့လိုက်ကြပြီး သူတို့တီထွင်ထားတဲ့ လျှပ်စစ်ဂဏန်းပေါင်းစက်အကြောင်း ရိုက်ထားတဲ့ဓာတ်ပုံတွေကိုပဲ ပိတ်ကားပေါ်မှာဆလိုက်ထိုး၍ ရှင်ပြပြီးပြန်လာခဲ့ကြတယ်။
သူတို့အိမ်ကိုပြန်ရောက်ပြီ ရက်အနည်းငယ်အကြာမှာ အူရှိဒါကုမ္ပဏိ(Uchida Co.,Ltd) က လူတစ်ယောက်က တာဝါအိုဆီကို ဖုန်းဆက်လာတယ်။ အူရှီဒါကုမ္ပဏီကိုလာပြီး လျှပ်စစ်ဂဏန်းပေါင်းစက်ကို စမ်းသပ်ပြသပေးဖို့ ဖိတ်ကြားတာပါ။ အူရှီဒါအရဲ့ကိုယ်စားလှယ်တစ်ယောက်က သူတို့စက်အကြောင်းကို ဆက်ပိုရိုမြို့မှာ ဆလိုက်ထိုးရှင်းပြခဲ့စဉ်က တွေ့မြင်ခဲ့ပြီးကတည်းက စိတ်ဝင်စားနေခဲ့တာပါ။ တာဒါအိုတို့ သွားရောက်စမ်းသပ်ပြကြတယ်။ အူရှီဒါကုမ္ပဏီက သဘောကျလို့ လျှပ်စစ်ဂဏန်းပေါင်းစက်တွေကို ထုတ်လုပ်ပြီး ပစ္စည်းသွင်းဖို့ တာဒါအိုတို့ရဲ့ Casio Computer ကုမ္ပဏီနဲ့ စာချုပ်ချုပ်လိုက်တယ်။
၁၉၅၇ ခုနှစ်ဇွန်လမှာ Casio 14-A Calculator တွေစထုတ်လိုက်တယ်။ 14-A ဟာပြိုင်ပွဲမှာတွေ့ခဲ့တဲ့ အမေရိကန် ဂဏန်းပေါင်းစက်ထက်အများကြီးသေးငယ်ပေမယ့် ယနေ့မြင်တွေ့နေရတဲ့ Calculator တွေထက်တော့ အတော်ကို ကြီးနေပါသေးတယ်။ Casio ကုမ္ပဏီက စက်တစ်ခုလုံးကို ယန်း ၉ သိန်းနီးပါး(အမေရိကန်ဒေါ်လာ ၁၁,၀၀၀ကျော်နဲ့) ရောင်းပါတယ်။ Casio စက်ဟာဈေးအရမ်းကြီးပေမယ့် နိုင်ငံခြားကထုတ်တဲ့ စက်တွေထက်အများကြီးသေးငယ်ပြီး ပိုမိုမြန်ဆန်စွာ တွက်နိုင်လို့ လူကြိုက်များလာတယ်။ နောက်ပြီးတော့ ဂျပန်လူမျိုးတွေဟာသူတို့ရဲ့ ပြည်တွင်းဖြစ်တွေကို အားပေးကျလို့ Casio calculator တွေဟာ ထုတ်သလောက်ရောင်းကောင်းနေခဲ့တယ်။ အဲ့ဒီမှာ တာဒါအိုတို့ဟာ သူတို့ရဲ့Kashio Seisakujo ကုမ္ပဏီကို Casio computer Co.,Ltd လို့အမည်ပြောင်းပြီးမှတ်ပုံတင်ခဲ့ကြတယ်။
တာဒါအိုဟာ Casio ကုမ္ပဏီရဲ့ ဥက္ကဌ ဖြစ်လာခဲ့တယ်။ Casio က စက်ရုံအသစ်တွေဆောက်လုပ်ဖွင့်လှစ်တယ်။ ၀န်ထမ်းတွေအတွက် စက်မှုကောလိပ်ကျောင်းတစ်ခုဖွင့်ပြီး ခေတ်မီစက်မှုနဲ့ လျှပ်စစ်နည်းပညာတွေ သင်ပေးတယ်။ နောက်ပိုင်းမှာ Casio Calculator တွေအပြင် လျှပ်စစ်လက်နှိပ်စက်၊ သိပ္ပံဂဏန်းပေါင်းစက်တွေပါ ထုတ်လာတယ်။ တာဒါအိုဟာ စစ်ရှုံးတဲ့ဂျပန်နိုင်ငံကို စီးပွားရေးနဲ့ ကမ္ဘာ့ထိပ်တန်းနိုင်ငံဖြစ်ရမယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ ကြိုးစားလိုက်တာ Casio ပစ္စည်းတွေဟာ ကမ္ဘာအနှံကိုတင်ပို့ရောင်းချနေရတယ်။ အဲဒီအချိန်ဟာ Casio ရဲ့ အအောင်မြင်ဆုံးကာလပါပဲ။ ဒါပေမယ့်ကုမ္ပဏီတစ်ခုဟာ အောင်မြင်မှုကိုအကြာကြီးထိန်ထားဖို့ဆိုတာ မလွယ်ကူလှပါဘူး။ Casio ကိုမြတ်ချေမပြတ် စောင့်ကြည့်နေပြီး အားနည်းချက်တွေကို ရှာနေတဲ့ပြိုင်ဖက်ကုမ္ပဏီတွေရှိနေတယ်ဆိုတာကို Casio ကမေ့သွားတယ်။ Casio ဟာ အောင်မြင်မှုမှာသာယာမိန်းမောပြီး အိပ်မောကျနေခဲ့တယ်။ အဲဒီလိုတစ်ခဏတာအိပ်ပျော်သွားတာလေးဟာ ကုမ္ပဏီကို အကြီးအကျယ်ထိခိုက်သွားစေခဲ့ပါတယ်။
Casio ကပြိုင်ဘက်ကိုမေ့သွားရတဲ့အကြောင်းက တာဒါအိုတို့ညီအစ်ကိုတွေဟာ ဂေါက်သီးရိုက်ကစားတာကိုအရမ်း ၀ါသနာပါသွားကျပြီး အလုပ်ထဲမှာစိတ်မ၀င်စားကြတော့ပဲ ဂေါက်သီးပဲတစ်နေကုန်ရိုက်နေတယ်။ သူတို့ဟာပိုက်ဆံချမ်းသာလာတော့လဲ ကုမ္ပဏီကိုပြန်မကြည့်ပဲ အောက်ကလူတွေနဲ့ပဲ လွှတ်ထားလိုက်တယ်။ ဒီအချိန်မှာပြိုင်ဘက်ဖြစ်တဲ့ Sharp Corporation ကုမ္ပဏီဟာ Casio ကနေသုံးနေတဲ့ လျှပ်စစ်ရီလေး(relay)တွေထက်ပိုပြီး သေးငယ်တဲ့ထရန်စစ္စတာ(transisitor)တွေတပ်ဆင်ထားတဲ့ Calculator တွေထုတ်လိုက်တယ်။ အရွယ်ကြီးမားတဲ့ Casio Calculator တွေဟာရောင်းအားထိုးကျသွားပြီး လက်ဖ၀ါးပေါ်တင်ပြီး ခုလုတ်နှိပ်တွက်ချက်နိုင်တဲ့ Sharp Calculator တွေဟာ လူကြိုက်များလွန်းတဲ့ ဂဏန်းပေါင်းစက်ဖြစ်လာခဲ့တယ်။ အလုပ်သမားတွေတော်တော်များများလည်းအလုပ်ပြုတ်ကုန်ကျတယ်။
အခုမှ Casio ဟာအိပ်မောကျနေရာကနေ ပြန်လည်နိုးထလာပါတော့တယ်။ သူတို့စမ်းသပ်ဓာတ်ခွဲခန်းတွေမှာ Calculator အသစ်အဆန်းတွေထွင်ဖို့ အကြီးအကျယ်ကြိုးစားတော့တယ်။ ၁၉၆၅ခုနှစ် စက်တင်ဘာလမှာ Casio က 001 Desktop Calculator ကိုထွင်လိုက်တယ်။ အဲ့ဒီ Calculator ရဲ့ Sharp Calculator ထက်အားသာတာက စက်မှာ မှတ်ညဏ်(memory)ပါတယ်။ တွက်ပြီးတာတွေကို memory ထဲသိမ်းထားလို့၇တယ်။ ဒါကြောင့် Casio Desktop Calculator တွေကို ဂျပန်နိုင်ငံရဲ့ရုံတိုင်းလိုလိုမှာ အသုံးပြုလာကြတယ်။
ဒါပေမယ့်ဂျပန်ပြည်တွင်းဈေးကွက်မှာ ၀ယ်လိုအားကျလာပြီမို့တာဒါအိုဟာ အမေရိကန်နဲ့ဥရောပ နိုင်ငံတွေကို Casio Calculator တွေတင်ပို့တယ်။ သေးငယ်လှပြီး memory ပါတဲ့ Casio စက်ကလေးတွေကို အဲ့ဒီနိုင်ငံကလူတွေအရမ်းကြိုက်ကျလို့ အများကြီးတင်ပို့နေ၇တယ်။ ၁၉၇၀ ပြည့်နှစ်မှာ Casio ဟာ လူထုကိုအစုရှယ်ယာတွေစတင်ရောင်းချတယ်။ စရောင်းတဲ့ ရှယ်ယာတန်ဖိုးတွေဟာ နေ့တွင်းချင်းပဲလေးဆအထိတက်သွားတယ်။ နောက်ပိုင်းမှာ Casio ရဲ့ရှယ်ယာတွေကို နိုင်ငံတကာရှယ်ယာဈေဒကွက်မျာစတင်ရောင်းချလာကြတယ်။
တာဒါအိုဟာ ဂဏန်းပေါင်းစက် Calculator ခေတ်ကုန်တော့မယ်ဆိုတာ ရိပ်စားမိလာတယ်။ ဒါကြောင့်နောက်ထက်ပစ္စည်းတစ်မျိုးကို တီထွင်ဖို့ စိတ်ကူးကြံစပြန်တယ်။ ဒီတစ်ခါတော့အရင်က Casio Calculator တွေမှာ IC chip လို အီလက်ထရောနစ်ပစ္စည်းတွေသုံးပြီး ပစ္စည်းအရွယ်အစားတွေကို ချုံ့နိုင်ခဲ့တဲ့ အတွေ့အကြုံလေးတွေကိုအခြေခံပြီး နောက်ပစ္စည်းတစ်မျိုးထုတ်လုပ်လိုက်ပါတယ်။ အဲဒါက အီနစ်ထရောနစ် နာရီပါ။ နှစ်ပေါင်းများစွာကတည်းက အဲဒီအချိန်အထိ ဆွစ်ဇာလန်နိုင်ငံကထုတ်တဲ့ Rolex နဲ့ Omega နာရီတွေနဲ့ ဥရောပနိုင်ငံတွေက လျှပ်စစ်နာရီတေဟာ တစ်ကမ္ဘာလုံးမှာ အရမ်းခေတ်စားနေခဲ့တယ်။ အဲ့ဒီနာရီတွေဟာ အချိန်တိကျသလို အကြမ်းခံတာကြောင့် လူတွေကြိုက်ကျတာပါ။ ဒါပေမယ့်နာရီတွေဟာ ဈေးကြီးလွန်းလို့ ပိုက်ဆံချမ်းသာတဲ့လူတွေပဲ ၀ယ်ပတ်နိုင်ကျတယ်။ Rolex နဲ့ Omega နာရီတွေကို ဈေးသက်သာတဲ့ အီလက်ထရောနစ် နာရီတွေနဲ့ယဉ်နိုင်လိမ့်မယ်လို့ တာဒါအိုက ယုံကြည်နေတယ်။ နာရီမှာတပ်ဆင်တဲ့ အီလကထရောလစ် ပစ္စည်းတွေဟာ တန်ဖိုးမကြီးလို့ နာရီတွေအများကြီးထုတ်နိုင်ရင် နာရီဈေးသက်သာမယ်ဆိုတာ သူသိနေတယ်။
ဒါကြောင့် ၁၉၇၀ ပြည့်နှစ်နောက်ပိုင်းမှာ Seiko,Casio စတဲ့အီလတ်ထရောနစ် လက်ပတ်နာရီတွေပေါ်လာခဲ့တယ်။ နာရီဒီဇိုင်းတွေကလှပသလိုဆွတ်ဇာလန်နဲ့ဥရောပထုတ်နာရီတွေရဲ့ ၁၀ ပုံ ၁ ပုံလောက်ပဲရှိတာကြောင့် တစ်ကမ္ဘာလုံးကလူတွေဟာ အီလစ်ထရောနစ် လတ်ပတ်နာရီတွေကို ၀ယ်လာကြတယ်။ ဆွစ်ဇာလန်နဲ့ ဥရောပထုတ်တဲ့ နာရီတွေကို ၀ယ်ယူသူနည်းသွားလို့ အဲဒီကနာရီထုတ်လုပ်သူ လူတွေရဲ့ ၀င်ငွေတွေထိုးကျသွားကြတယ်။ တချို့ကုမ္ပဏီတွေလည်း အရှုံးပေါ် စက်ရုံတွေပိတ်လိုက်ကျရတယ်။
၁၉၈၀ ပြည့်နှစ်ကျတော့ Casio ကုမ္ပဏီဟာ သူတို့ကျွမ်းကျင်တဲ့ အီနစ်ထရောနစ် နည်းပညာအပေါ်အခြေခံပြီး ပစ္စည်းအသစ်တွေထက်ထုတ်ပါတယ်။ အဲဒါတွေကတော့ Casiotone-201 ဆိုတဲ့ ပထမဆုံး အီလစ်ထရောနစ်ကီးဘုတ်တူရိယာ၊ အိပ်ဆောင် LCD TV လေးတွေ၊ တယ်လီဖုန်း၊ ရေဒီယို၊ Pager နဲ့ electronic notebook စတဲ့ အီလစ်ထရောနစ်ပစ္စည်းတွေဆက်တိုက် ထုတ်လာခဲ့တယ်။ ထိုပစ္စည်းတွေကြောင့်လည်း ကမ္ဘာကြီးမှာလူနေမှုအဆင့်အတန်း တိုးတက်ပြောင်းလဲလာခဲ့တာကို ဘယ်သူမှမငြင်းနိုင်ကြပါဘူး။
တာဒါအိုကာရှီယိုဟာ Casio Computer ကုမ္ပဏီကို စတင်ထူထောင်ခဲ့သူ ဖြစ်ရုံမက ကုမ္ပဏီကို ၂၈ နှစ်ကြာလဲ ဦးဆောင်ခဲ့ပါတယ်။ ၁၉၈၈ ခုနှစ်မှာသူဟာ Casio ကုမ္ပဏီကနေ အနားယူလိုက်ပြီး သူ့ညီ တိုရှီအိုကိုဦးဆောင်ခိုင်းပါတယ်။ သူကတော့အကြံပေးပုဂ္ဂိုလ်အနေနဲ့ ဆက်နေသွားပြီး ၁၉၉၃ ခုနှစ်မတ်လ ၅ ရက်နေ့ အသက်၇၅နှစ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။
တာဒါအိုရဲ့ ၁၉၅၇ ခုနှစ်မှာ တည်ထောင်ခဲ့တဲ့ Casio Computer Company ဟာ ယနေ့ထိတိုင် ရပ်တည်နေဆဲပါ။ ကမ္ဘာအရပ်ရပ်မှာ ၀န်ထမ်းထောင်ပေါင်းများစွာနဲ့ အီနစ်ထရောနစ်ပစ္စည်းတွေကို မှန်မှန် ထုတ်လုပ်ရောင်းချနေဆဲပါ။ ရုံသုံးပစ္စည်းတွေ၊ ဒီဂျစ်တယ်ကင်မရာတွေ၊ Printer တွေ၊ Cash Machine တွေ၊ G Shock လက်ပတ်နာရီတွေကို တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၃ ဘီလီယံဖိုးလောက်ရောင်းနေရပါတယ်။